ကမ်းနီး ငါးဝင်ခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေ ခုနှစ်စီး ပုလော PDF ဖမ်းဆီး

စက်တင်ဘာ၊ ၁၂

တနင်္သာရီတိုင်း၊ ပုလောမြို့ရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာ ငါးဖမ်းဥပဒေချိုးဖောက်ပြီး ကမ်းနီး ငါးဝင်ခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေ(ဝါလတ်လှေ) ခုနှစ်စ်စီးကို ပထမဆုံးအကြိမ်အဖြစ်ဒီလ ၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

“နံပါတ်ပြားတွေ အုပ်ပြီး ကမ်းနီးဝင်ခိုးဖမ်းနေတာ။လှေသားတွေနဲ့ လှေတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ ပဲ့နင်း ခုနှစ်ယောက်ကိုတော့ ကျနော်တို့ ဖမ်းထားတယ်” လို့ မြိတ်ခရိုင်၊ အမှတ် (၁)တပ်ရင်းရဲ့ ပြန်ကြားရေး တာဝန်ရှိသူက DNA ကို ပြောပါတယ်။

ဥပဒေအရ ကမ်းခြေနဲ့ အနည်းဆုံး ရေမိုင် ဆယ်မိုင်အကွာကနေသာ ငါးဖမ်းခွင့်ရှိတဲ့ အဲဒီလှေတွေဟာ ကမ်းခြေနဲ့ ငါးမိုင်ခန့်သာအကွာ ညှင်းဖိုညှင်းမကျွန်းအနီး ပင်လယ်ပြင်မှာ မကြာခဏ ငါးဝင်ဖမ်းနေကြောင်း ဒေသခံတွေ တိုင်ကြားလာလို့ အခုလို သွားရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

အခုလို ကမ်းဝေးငါးဖမ်းလှေတွေ ဥပဒေချိုးဖောက်ပြီး ကမ်းနီးငါးဖမ်းမှုတွေကြောင့် ငါးပမာဏာ သိသိသာသာ လျော့နည်းလာနေပြီး တပိုင်တနိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသူတွေရဲ့ အသက်မွေး ဝမ်း ကြောင်းအတွက်လည်း နစ်နာမှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

“ဝါလတ်(ကမ်းဝေးငါးဖမ်းလှေ) ပိုက်နဲ့ ဆွဲရင် ရှိသမျှငါး အကုန်ပါတာ။ ငါးကြိီးရော ငါးသေးရော၊ ကျောက်ပန်း(သန္တာကျောက်)တွေရော အကုန်ပါသွားတာ။ သူတို့ကမ်းနီးလာဆွဲတော့ ကမ်းနီး ငါးစားကျက်တွေက ပျက်ကုန်တာ၊ အဲတော့ ငါးနီးငါးဖမ်းသမားတွေက လုပ်စားလို့ မရတော့ဘူး” လို့ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင် အခုလိုကာလမှာ ကမ်းနီးငါးခိုးဖမ်းတဲ့ လှေပိုင်ရှင်တွေဟာ စစ်ကောင်စီတပ်တွေကို လာဘ်ထိုးပြီး လုပ်ကိုင်တာဖြစ်နိုင်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

“ဖမ်းထားတဲ့ ပဲ့နင်း ခုနှစ်ယောက်ကိုတော့ အရေးယူမှာပါ။ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)ကပဲ တရားစီရင်မှာပါ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေမှာတော့ ငါးဖမ်းလိုင်စင်ရရှိထားသူတဦးအနေနဲ့ လိုင်စင်ပါ စည်းကမ်းချက်တခုခုကို ဖောက်ဖျက်ကျူးလွန်ပါက အဲဒီလူကို ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေကျပ် နှစ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ခုစလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အဲလိုဖမ်းဆီးပြီးနောက် စက်တင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာတော့ ပုလော ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ ငါးဖမ်းလှေငယ် လေးဆယ်လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်တရက်မှာတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းမှု မဖြစ်ခင်ကတော့ တနင်္သာရီတိုင်းမှာ ကမ်းနီး ငါးဝင်ဖမ်းတဲ့ ကမ်းဝေးလှေတွေကို အာဏာပိုင်တွေက အရေးယူတာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အရေးယူမှုမရှိတဲ့အပြင် လှေတွေဆီကနေ လာဘ်ယူပြီး ဥပဒေမဲ့ ငါးဖမ်းခွင့် ပြုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကတော့ ကမ်းဝေငါးဖမ်းလှေတွေအနေနဲ့ တပိုင်တနိုင် လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေကို စာနာပြီး ဥပဒေမဲ့ ငါးဖမ်းတာတွေကို ရပ်တန့်ဖို့နဲ့ မလိုက်နာပါက အရေးယူမယ်လို့ သတိပေးထားပါတယ်။