စက်တင်ဘာ၊ ၁၂
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်၊ ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးလာတဲ့ အရပ်သား နှစ်ဆယ်ဦးထဲက အမျိုးသားတဦးကို ပေပင်တိုက် တောတိုက် အနီးမှာ ပစ်သတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
“ ဓားစားခံက အယောက်နှစ်ဆယ်လောက်ရှိတယ် ဖမ်းလာတာလေ။ အဲ့နှစ်ဆယ်ထဲကမှ အမျိုးသားတယောက်ကို ပစ်သတ်သွားတာပါ “ လို့ Myaing U.A.V Fighter တာဝန်ရှိသူတဦးက ဆိုပါတယ်။
သေဆုံးခဲ့သူဟာ အသက် သုံးဆယ်ဝန်းကျင်အရွယ် အမျိုးသားတဦးဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့ မရသေးသလို ဖမ်းဆီးခံထားရသူတွေထဲမှာ အမျိုးသား၊ အမျိုးသမီး ဘယ်လောက်ပါတယ်ဆိုတာ မသိသေးဘူးလို့လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။
အင်အား တရာကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာလ ၁၁ ရက်၊ မနက် ၆ နာရီကျော်မှာ သင်းပေါင်းကန်ကျေးရွာကို စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တာမျိုးတွေ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အထိခိုက်မရှိခဲ့ပေမယ့် စစ်ကောင်စီတပ်က အသေဆုံးများနိုင်တယ်လို့ Myaing U.A.V Fighter တာဝန်ရှိသူတဦးက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျေးရွာတပ်ပေါင်းစုအဖွဲ့၊ Myaing U.A.V Fighter အဖွဲ့၊ ကျေးရွာ Local တပ်ပေါင်းစုအဖွဲ့၊ မြိုင် ပကဖ တပ်ရင်း (၂)၊ တပ်ခွဲ (၅)၊ ပကဖ တိုက်နယ် (၄)၊ တပ်ရင်း (၅) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
အဲဒီစစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်မှာတော့ သင်းပေါင်းကန်ကျေးရွာ ကဒေသခံ နှစ်ဆယ်ကျော်ကို ဖမ်းဆီးကာ အဲဒီထဲက အမျိုးသားတဦးကို အခုလို ပစ်သတ်ခဲ့ပြီး အဲဒီစစ်ကြောင်းကြောင့် မြိုင်မြို့နယ်၊ အရှေ့ပိုင်းကျေးရွာတွေက ဒေသခံထောင်ချီ စစ်ရှောင်နေရပါတယ်။
လက်ရှိမှာ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဓားစားခံကို သူတို့စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ပြီး ကံယာကောင်းရွာကို ရောက်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဓာတ်ပုံ – CJ (ပုံဟောင်း)
ပုံစာ – ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် သုံး မိုင်ခန့် အကွာရှိ ကသဲ (ရွှေပြည်အေး) ရွာမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ ဒေသခံ ၁၉ ဦးကို တွေ့ရစဉ်။