စက်တင်ဘာ၊ ၁၂
စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ်တွေကို စမတ်ကတ်ပြောင်းဖို့ဆိုပြီး ရပ်ကွက်တချို့မှာ ကိုယ်ရေးအချက်အလက်တွေ စတင်ပြုစု ကောက်ယူနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
စမတ်ကတ်လုပ်ဖို့အတွက် ကိုယ်ရေးအချက်အလက်တွေ လာဖြည့်ကြဖို့ ရန်ကုန် ရပ်ကွက်တချို့မှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေး ဝန်ထမ်းတွေက အသိပေးတိုက်တွန်းတာတွေ လုပ်နေပြီး ပြည်သူအများစုကတော့ စိတ်ဝင်စားမှုမရှိကြဘူးလို့ လှိုင်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ ရပ်ကွက်ထဲ စမတ်ကတ်လုပ်ဖို့ ဆိုပြီး လိုက်အော်သွားတာပဲ၊ သွားကြတာလည်း သိပ်မတွေ့ရဘူး၊ သူတို့က ဘာအတွက် စာရင်းယူမှန်း မသိတော့ လူတွေ မယုံကြတာလည်း ပါမယ် ” လို့ သူကပြောပါတယ်။
လက်ရှိမှာ စမတ်ကတ် ပြောင်းလဲပြုလုပ်ရေး ရှေးပြေးလုပ်ငန်းစဥ်အတွက် ကိုယ်ရေးအချက်အလက်တွေ မှန်မှန် Biometrics ကောက်ယူနေတာဖြစ်ပြီး ကတ်ထုတ်ပေးနိုင်တဲ့အဆင့် မရောက်သေးဘူးလို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။
Biometrics ကောက်ယူမှုအတွက် ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေကို ဦးစားပေးအနေနဲ့ ကောက်ယူခဲ့ပြီး လက်ရှိမှာတော့ အရပ်သားတွေကို ဆက်လက်ကောက်ယူနေတာလို့ သူကဆိုပါတယ်။
“ စမတ်ကတ်ပြောင်းပေးဖို့က လိုဦးမယ်၊ ရှေ့ပြေးလောက်ဘဲ လုပ်နေသေးတာ ” လို့ အဲဒီ Non-CDM ဝန်ထမ်းက ပြောပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်တွေကို စမတ်ကတ်ပြောင်းဖို့အတွက် ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်ကတည်းက သြစတြီးယားနိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
သြစတြီးယားနိုင်ငံက မြန်မာနိုင်ငံမှာ e-ID စနစ်တည်ဆောက်မှုအတွက် ချေးငွေအကူအညီနဲ့ နည်ပညာပံပိုးမှုတွေ ပေးဖို့ နှစ်နိုင်ငံသဘောတူခဲ့တာဖြစ်ပြီး မူလသတ်မှတ်ချက်အရ လုပ်ငန်းစဥ်စတင်မယ့် ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းမှု ပေါ်ပေါက်လာတာကြောင့် အစီအစဥ်ရပ်ဆိုင်းခဲ့ရပါသေးတယ်။
စမတ်ကတ်စနစ်ဟာ နိုင်ငံတကာမှာ ကျင့်သုံးတာ ကြာနေပြီဖြစ်သလို ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်မှာ အကောင်အထည်ဖော်နိုင်ဖို့ လိုလားခဲ့တဲ့ နိုင်ငံသားမှတ်ပုံတင် စနစ်ဖြစ်ပေမယ့် စစ်ကောင်စီ အာဏာသိမ်းထားချိန်မှာ ကိုယ်ရေးအချက်အလက်တွေ ထပ်ပေးဖို့ ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ လဝက အရာထမ်းဟောင်းတဦးက ပြောပါတယ်။
“ အသိတချို့က မေးကြတာရှိတယ်၊ အဲဒီကတ်လုပ်ရင် ဘာဖြစ်နိုင်လဲဆိုပြီး၊ ကောင်းတဲ့ခေတ်မှာ ကောင်းတယ်၊ ဒီခေတ်ကာလမှာတော့ အုပ်စိုးထားသူတွေက ဒါကို ဘယ်လိုအသုံးချမလဲဆိုတဲ့အပေါ် မူတည်တယ်၊ တပ်အပ်မပြောနိုင်ဘူး၊ ပြည်သူတွေ စိုးရိမ်လည်း စိုးရိမ်စရာ ” လို့ သူကပြောပါတယ်။
စမတ်ကတ်ပြောင်းမယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်စဥ်က ဖြည့်ထားတဲ့ အချက်အလက်တွေအပြင် ထပ်တိုးတောင်းဆိုတဲ့ ကိုယ်ရေးအချက်အလက်တွေ လက်ဗွေနဲ့ မျက်လုံးစကင်ဖတ်တာတွေပါ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန စာရင်းတွေအရ လက်ရှိအချိန်အထိ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားသူ ၅၁ သန်းကျော်ရှိပြီး အဲ့ဒီစာရင်းထဲမှာ သေဆုံးသူတွေနဲ့ နိုင်ငံပြင်ပရောက်နေသူတွေလည်း ပါဝင်ပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ရှိမှာ မှတ်ပုံတင်ကို စမတ်ကတ်အဖြစ်ပြောင်းဖို့ မြေပြင် ကိုယ်ရေးအချက်အလက်တွေ ကောက်ယူမှုတွေ လုပ်နေသလို ၂၀၂၄ ခုနှစ်မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမယ်လို့လည်း ပြောဆိုထားပါသေးတယ်။
ဓာတ်ပုံ – MOI (ပုံဟောင်း)