ယင်းမာပင်မှာ ကင်းထောက်စစ်သားတဦး ပစ်ခတ်ခံရလို့ သေဆုံး

စက်တင်ဘာ၊ ၁၂
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကင်းထောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတဦးကို ဖမ်းဆီးစစ်ဆေးဖို့ ပြုလုပ်ရာက ထွက်ပြေးသွားလို့ ပစ်ခတ်တဲ့အတွက် သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
“ စကောက် (ကင်းထောက်)လာတော့ ကျွန်တော်တို့ဖက်က ရဲဘော် စကောက်နဲ့ တွေ့တဲ့အခါကျတော့ ကျွန်တော်တို့ဖက်က ဖမ်းတာပေါ့။ ဖမ်းတဲ့ချိန်မှာ ဒီကောင်က ထွက်ပြေးသွားလို့ ပစ်ဖမ်းရင်း သေသွားတာပါ “ လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ဆိုပါတယ်။
 
ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းမှာ စက်တင်ဘာလ ၁၁ ရက်၊ မနက် ၁၀ နာရီခန့်မှာ သစ်ခိုးထုတ်နေတဲ့ စစ်ကောင်စီတပ်က တပ်သားအဆင့်ရှိတဲ့ စစ်သားတယောက်ကို ကင်းထောက်ဖို့ လွှတ်လိုက်ချိန် ကာကွယ်ရေးတပ်တွေဘက်က ကင်းထောက်နဲ့တိုးပြီး ဖမ်းမိခဲ့တာပါ။
 
အဲဒီလို ဖမ်းမိလို့ စစ်ဆေးဖို့ ကြိုးစားစဉ်မှာပဲ ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းစီးစဉ်မှာ သေဆုံးခဲ့တဲ့အတွက် အဲဒီတပ်သားရဲ့ အမည်နဲ့ တာဝန်ထမ်းဆောင်တဲ့ တပ်ရင်းအမှတ်တွေ မသိလိုက်ရဘူးလို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်မှာလည်း စည်သူ သစ်ကွင်းထဲ သစ်ခိုးထုတ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ငါးဦး သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ကျောက်လုံးကြီး PDF က တရားဝင်ထုတ်ပြန် ထားပါတယ်။
 
ဓာတ်ပုံ – ချိုမိုင်မိုင် တော်လှန်ရေး