ကမ်းလွန်ရေပြင်မှာ တရုတ် လေယာဉ်တင်သင်္ဘော လှုပ်ရှားမှု ထိုင်ဝမ် နိုးနိုးကြားကြား စောင့်ကြည့်နေ

စက်တင်ဘာ၊ ၁၂

နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းလွန်ရေပြင်မှာ လေယာဉ်တင် သင်္ဘောတစီး ဦးဆောင်တဲ့ တရုတ် ရေတပ်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ထိုင်ဝမ်က ပြောပါတယ်။

တရုတ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး တစီးဖြစ်တဲ့ ရှန်ဒေါင်း ဦးဆောင်တဲ့ ရေတပ်ဖွဲ့ဟာ ထိုင်ဝမ် ကမ်းလွန်နဲ့ ရေမိုင် ၆၀ လောက် အကွာကို စက်တင်ဘာ ၁၁ ရက်က ဝင်ရောက်လာခဲ့ပြီး အနောက်ပစိဖိတ် ရေပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်မယ့် အလားအလာ တွေ့နေရကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

ဒါ့အပြင် မနက်ပိုင်းကစလို့ တရုတ်ရဲ့ J-16 တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် ၁၁ စီးထက် မနည်းဟာ ထိုင်ဝမ် ရေပိုင်နက် ပြင်ပက လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ် ဧရိယာထဲမှာ ဝင်ရောက် ပျံသန်းနေခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအခြေအနေကြောင့် ထိုင်ဝမ်က လိုအပ်သလို တုံ့ပြန်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ရှန်ဒေါင်းဟာ တရုတ် ရေတပ်မှာ ၂၀၁၉ ခုနှစ်က စတင် တာဝမ် ထမ်းဆောင်ခဲ့တဲ့ လေယာဉ်တင် သင်္ဘောအသစ်ကြီးဖြစ်ပြီး အရင်ကလည်း ထိုင်ဝမ်တဝိုက် တရုတ်ရဲ့ စစ်အင်အားပြမှု အစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဇွန်လတုန်းကဆိုရင် တရုတ်နဲ့ ထိုင်ဝမ်ကျွန်းကြားက ထိုင်ဝမ် ရေလက်ကြားကိုပါ အဲဒီ လေယာဉ်တင် သင်္ဘောကြီး ဖြတ်သန်း ခုတ်မောင်းခဲ့ဖူးပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားသလို ထိုင်ဝမ်ကသာ အတိအလင်း ခွဲထွက်ဖို့ ကြိုးစားလာရင် စစ်အင်အားသုံး သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ထွန်းကားတဲ့ ကျွန်းနိုင်ငံကတော့ ကိုယ်ပိုင် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုမျိုးနဲ့ ရပ်တည်ဖို့ကိုပဲ လိုလားနေပါတယ်။

 

Ref: Reuters