ဗကသ ဥက္ကဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင်ကို စစ်ကောင်စီဖမ်းဆီး

စက်တင်ဘာ၊ ၁၁
 
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင်ဖြစ်သူ ဦးကျော်အေးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ ဖမ်းခေါ်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
 
“ ရဲတွေက လာခေါ်သွားတာပဲ သိရတယ်၊ ထောင်ကိုပို့မလား၊ စစ်ကြောရေးကိုပဲ ပို့မလား၊ စခန်းမှာပဲ ထားမလားဆိုတာ ဘာမှမသိရဘူး၊ သတင်းအမှောင်ချထားတာပေါ့၊မိ သားစုနဲ့ တွေ့ခွင့်မပေးဘူး ” လို့ ကိုကျော်ကိုကိုက DNA ကို ပြောပါတယ်။
 
အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဦးကျော်အေးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်က နေအိမ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ အတိအကျမသိရပါဘူး။
 
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ စစ်ကောင်စီ ဝါဒဖြန့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်ကနေ နေရပ်လိပ်စာ အတိအကျနဲ့ ဦးကျော်အေးကို ဖမ်းဆီးဖို့ လှုံ့ဆော်ထားတယ်လို့ သိရပါတယ်။ အဲဒီလို ဖမ်းဆီးသွားပြီးနောက်မှာတော့ ကိုကျော်ကိုကိုရဲ့ မိသားစုဝင်တွေက တာမွေမြို့နယ် ရဲစခန်းမှာ သွားရောက် စုံစမ်းပေမယ့် ရှင်းရှင်းလင်းလင်း မသိခဲ့ကြရဘူးလို့ ဆိုပါတယ်။
 
“ နေပြည်တော်ကို အမှုတွဲတင်လိုက်ပြီလို့တော့ သိရတယ်၊ နေပြည်တော်က အမှုတွဲဆိုတော့ ပြည်ထဲရေးကဖြစ်ဖြစ် စစ်တပ်ကဖြစ်ဖြစ်ပေါ့နော်၊ သူတို့ရဲ့ Authorities (တာဝန်ရှိပုဂ္ဂိုလ်တွေ)က ဖမ်းခိုင်းတာပဲဖြစ်လိမ့်မယ် ” လို့ ကိုကျော်ကိုကိုက ပြောပါတယ်။
 
သွေးတိုးရောဂါ အခံရှိတဲ့ ဦးကျော်အေးဟာ ပြီးခဲ့တဲ့ တနှစ်လောက်က ချော်လဲလို့ ခြေချောင်းအရိုးနှစ်ချောင်း ကျိုးရာကနေ သက်သာခါစသာ ရှိသေးပြီး အတွင်းတိမ်ဖြစ်လို့ မျက်စိလည်း ခွဲစိတ်ထားရတာလို့ သိရပါတယ်။
 
ကျောင်းသားခေါင်းဆောင်ဟောင်းလည်းဖြစ် စစ်အာဏာသိမ်းပြီးနောက်မှာ ဖွဲ့စည်းခဲ့တဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ ကိုကျော်ကျော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက ဖမ်းဝရမ်းထုတ်ထားတာပါ။
 
စစ်ကောင်စီဟာ တော်လှန်ရေးမှာ ပါဝင်နေသူတဦးဖြစ်တဲ့ ထားဝယ်သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးရဲ့ ဖခင်ကိုလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖမ်းဆီးခဲ့ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ကာစွဲဆိုကာ ထောင်ဒဏ်နှစ်နှစ် ချမှတ်ထားပါတယ်။
 
ဓာတ်ပုံ​- Social Democratic Party
ပုံစာ – ဆဲဗင်းဂျူလိုင် အခမ်းအနားတခုမှာ တွေ့ရတဲ့ ကိုကျော်ကိုကို