သာကေတမှာ YBS ကားပေါ်က ပြုတ်ကျပြီး လူငယ်တဦးသေဆုံး၊ တဦးဒဏ်ရာရ

စက်တင်ဘာ၊ ၁၁
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းပေါ်က အနော်မာထိပ်မှတ်တိုင်အနီး စက်တင်ဘာလ ၁၁ ရက်၊ ဒီကနေ့ မနက် ၇ နာရီခွဲလောက်မှာ YBS ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျလို့ လူငယ်တဦး သေဆုံးပြီး နောက်ထပ်တဦးလည်း ဒဏ်ရာရသွားတယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။
ရန်ကင်းကနေ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အထိ ပြေးဆွဲနေတဲ့ YBS ၇၆ ကားပေါ်ကနေ အခုလို ပြုတ်ကျခဲ့တာဖြစ်ပြီး နှစ်ဦးစလုံး အသက် နှစ်ဆယ်ဝန်းကျင်သာ ရှိကြသေးတယ်လို့ သိရပါတယ်။
” ခရီးသည် အမျိုးသားနှစ်ဦး ပြုတ်ကျတယ်သတင်းရလို့ ကျနော်တို့သွားတဲ့အချိန် တယောက်က နဖူးကွဲဒဏ်ရာရပါတယ်၊ နောက်တဦးကတော့ ကားနောက်ဘီးနဲ့ နင်းခံရပြီး အသက်ဆုံးရှုံးသွားပါတယ် ” လို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
မနက်ပိုင်း ရုံးတက်တဲ့အချိန် ကားပေါ်မှာ လူကျပ်လွန်းရာကနေ အခုလို ပြုတ်ကျခဲ့တာလို့ ကနဦးသိထားရပြီး ယာဉ်မောင်းကိုတော့ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို သယ်ယူသွားပြီး နဖူးကွဲ ထိခိုက်ဒဏ်ရာ ရခဲ့သူကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပဲ တင်ပို့ ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရတဲ့ သူရဲ့ မိသားစုဝင်တွေနဲ့ အဆက်သွယ်ရရှိပြီဖြစ်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေကိုတော့ ဒီကနေ့ နေလယ် ၁၂ နာရီခွဲလောက်အထိ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတွေက စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်ကလည်း ရန်ကုန်မြို့၊ အင်းစိန်လမ်းပေါ်က လှည်းတန်းမှတ်တိုင်အနီး လမ်းဖြတ်ကူးတဲ့ အမျိုးသမီးငယ်တဦး YBS ကား တက်ကြိတ်ခံရပြီး သေဆုံးသွားခဲ့ပါသေးတယ်။
ဓာတ်ပုံ – သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့