တရုတ်ကို ထိန်းချုပ် ကန့်သတ်ထားဖို့ ကြိုးစားမှာ မဟုတ်ကြောင်း ဘိုင်ဒန်ပြော

စက်တင်ဘာ၊ ၁၁

သူဟာ တရုတ်ကို ကန့်သတ် ထိန်းချုပ်ထားဖို့ ဘယ်တုန်းကမှ ဆန္ဒ မရှိခဲ့ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ 

ဘိုင်ဒန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ G20 ညီလာခံမှာ တွေ့ဆုံဖြစ်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ရှီက သူ့ကိုယ်စား ဝန်ကြီးချုပ် လီကျန်းကိုသာ စေလွှတ်ခဲ့တာကြောင့် စူပါပါဝါ ပြိုင်ဘက်နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှု အထမမြောက်ခဲ့ပါဘူး။

G20 ညီလာခံအပြီး တရုတ်နဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထား မှတ်ချက်တွေကို ဘိုင်ဒန်က သတင်းထောက်တွေဆီ ပြောကြားခဲ့ရာမှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ လုံခြုံရေး အပါအဝင် ကဏ္ဍအတော်များများမှာ ကွဲလွဲချက်တွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာကို အတည်ပြုသွားပါတယ်။

ရှီနဲ့ လူချင်းမဆုံဖြစ်ခဲ့ပေမယ့် သူ့အစိုးရ အဖွဲ့မှာ ဒုတိယ အရေးအပါဆုံး ပုဂ္ဂိုလ်အပါအဝင် တရုတ် အစိုးရ အရာရှိတွေကို အမေရိကန် ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံဖြစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံကြားမှာ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ရှုထောင့်ကနေ ဆွေးနွေးခဲ့ကြပြီး လက်ရှိ အချိန်မှာလည်း တရုတ်နဲ့ အမေရိကန်က အကြီးအကျယ် ပဋိပက္ခ ဖြစ်နေတာတော့ မဟုတ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

လက်ရှိ အငြင်းအခုံတွေမှာ အဓိကကျတဲ့ အကြောင်းတရား တခုက တရုတ် အနေနဲ့ ကုန်သွယ်ရေးနဲ့ တခြားကိစ္စတွေမှာ ကနဦး နားလည် သဘောတူညီမှုတွေကို အပြောင်းအလဲ စလုပ်လာခြင်း ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဘိုင်ဒန်က သူဟာ တရုတ်ကို ဘောင်ခတ်ပြီး ထိန်းသိမ်း ကန့်သတ်ထားဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိကြောင်း၊ သူ့သဘောအရ တရုတ်နဲ့ တဖြည်းဖြည်းချင်း အရှိန်ယူ တိုးတက်လာတဲ့ ဆက်ဆံရေးမျိုးကိုသာ ထူထောင်လိုကြောင်းလည်း မှတ်ချက် ပေးသွားပါတယ်။

အမေရိကန်ဟာ တရုတ်နိုင်ငံကို ပတ်ပတ်လည် ဝန်းရံထားတဲ့ အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန်တို့လို နိုင်ငံတွေနဲ့ ပူးပေါင်းပြီး Quad လုံခြုံရေး မဟာမိတ် အဖွဲ့ကို ဦးစီး ထူထောင်တာ၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUS စာချုပ်အဖွဲ့ကို ထူထောင်တာ၊ ပြီးတော့ အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာတွေမှာ တရုတ်အပေါ် ပိုမို ပစ်မှတ်ထား ဦးတည်လာတာတွေ ရှိနေကြောင်း ဝေဖန် ထောက်ပြမှုတွေနဲ့ ပတ်သက်လို့ ဘိုင်ဒန်က အခုလို တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နဲ့ အိန္ဒိယ ကြားမှာလည်း နယ်နိမိတ် အငြင်းအခုံ အပါအဝင် အငြင်းပွားစရာ အခြေအနေတွေ ရှိနေတာကြောင့် ဒေလီမှာ ကျင်းပခဲ့တဲ့ G20 ညီလာခံကို ရှီက ရှောင်လွှဲခဲ့တယ်လို့ ယုံကြည်ရပါတယ်။

 

Ref: CNA