တစ်မတ်သား ဝဋ်ကြွေး (သို့) လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ထွက်ပေါက်ပျောက်သူ

စက်တင်ဘာ၊ ၁၁
 
(၁)
 
ဒီတစ်ခါတော့ ရပ်ကွက်ထဲက ခွေးလေခွေးလွင့် တစ်ကောင်အကြောင်းပဲ ပြောမလားလို့ပါ။ အခြား ခွေးလေခွေးလွင့်တွေနဲ့ မတူတဲ့ ခွေးလေခွေးလွင့် တစ်ကောင်အကြောင်းပေါ့။
 
အခြားခွေးလေခွေးလွင့်တွေနဲ့ မတူဘူးလို့ ပြောရတဲ့အချက် သူ့မှာ အများကြီးရှိတယ်။ အဲဒီထဲက တချို့ကို ပြောရမယ်ဆိုရင် ခွေးလေခွေးလွင့်ချင်း တူတာတောင် သူက ဝဲစွဲနေတဲ့ ခွေးလေခွေးလွင့် ဖြစ်နေတာက တစ်ချက်၊ ခွေးလေ ခွေးလွင့်ချင်းလည်း အထာမထား အနိုင်ကျင့်တတ်တာက တစ်ချက်။
 
သူ့ကို ကျွေးသူ၊ မကျွေးသူ ဘယ်သူ၊ ဘယ်ဝါရယ်လို့လည်း မခွဲခြား အနားက ဖြတ်သွားသူ၊ အနီးအပါး ရောက်လာသူမှန်သမျှကိုလည်း သူ့ရန်မူမယ်အထင်နဲ့ “တဂီးဂီး၊ တဂဲဂဲ” သွားကြီး ဖြဲဖြဲပြီး မာန်ဖီရန်လိုတတ်သေးတာကလည်း တစ်ချက်။ ကိုရင်တို့က ခွေးစကား နားမလည်လို့သာရယ်။ အဲဒီ “တဂီးဂီး၊ တဂဲဂဲ”က “မလုပ်ရဲတာ ဘာမှမရှိဘူး” လို့ အော်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
 
အဲဒီ့လို မာန်ဖီနေလို့ တကယ်ရော ကိုက်သလားဆိုတော့လည်း မကိုက်ရဲဘူး။ ဟန့်ရုံ၊ ခြောက်ရုံလောက်သာ သူလုပ်တယ်။ အကြောင်းမသိသူဆိုရင်တော့ ကြောက်မိကြတာပေါ့။ ကြာတော့လည်း ရိုးသွားတာပါပဲ။ ခွေးပေါကြီးပေါ့။ ဒါလည်း အခြားခွေးတွေနဲ့ မတူတဲ့ အချက်ထဲမှာ ပါတဲ့တစ်ချက်ပဲ။
 
နောက်တစ်ချက်ကတော့ သူ့မှာ နာမည်ရှိနေတာပဲ။ နာမည်က တခြားကြောင့်တော့ မဟုတ်။ သူ့ကိုယ်မှာ ဝဲစွဲနေတာကို အစွဲပြုပြီး ရပ်ကွက်က ပေးထားတဲ့ နာမည်။ ခွေးဝဲစားတဲ့။ ပြီးတော့ သူ့လည်ပင်းမှာ ဘယ်တုန်းက ဘယ်သူက ဆွဲပေးထားမှန်းမသိတဲ့ တစ်မတ်စေ့လေး တွဲလောင်း၊ တွဲလောင်း ရှိနေတာကလည်း သူများနဲ့မတူတဲ့ တစ်ချက်။
 
ဒီလိုနဲ့ တစ်နေ့မှာတော့ အဲဒီဝဲစားကောင်ဟာ ရပ်ကွက်ထဲက အိမ်တစ်အိမ်ထဲကို ခွင့်မရှိဘဲ ကျူးကျော်ဝင်ရောက်ပါ လေရော။ ပထမတော့ ခြံထဲကို ခွေးတိုးပေါက်ကနေ ဝင်တာပေါ့။ အဲဒီကနေ အိမ်မကြီးထဲကို ချောင်းကြည့်။ အိမ်မ ကြီးထဲမှာက သူစားချင် တပ်မက်စရာ အစားအစာတွေလည်း တွေ့ရော အိမ်မကြီးထဲထိ ဇွတ်အတင်း ဖြဲဝင်တော့တာပေါ့။
 
ဒီလိုနဲ့ အိမ်မကြီးထဲရောက် သူစားချင်၊ သောက်ချင်စဖွယ်တွေ ရှိတဲ့နေရာကို အငမ်းမရသွား စားဖွယ်၊ သောက်ဖွယ် တွေကို အပီတီးတော့မယ်လို့ ပါးစပ်ကြီး ဖြဲကာ ဟန်ပြင်နေတုန်း သူထင်မှတ်မထားတာနဲ့ တိုးတော့တာပဲ။ တခြားတော့ မဟုတ်ဘူး၊ သူဝင်လာတာကို သိလို့ နေရာကောင်းကနေ အသာချောင်းပြီး စောင့်ကြည့်နေတဲ့ အိမ်ရှင်က ဝါးရင်းတုတ်နဲ့ နှာနု ဖြတ်အုပ်ထည့်လိုက်တာကြောင့်မို့လို့ပဲ။
 
အနှီခွေးဝဲစားခမျာ နှာနု ဖြတ်အုပ်ခံရတာမို့ “တအိုင်အိုင်” ဆိုတဲ့ အသံတောင် မထွက်နိုင်။ “တအီအီ” နဲ့ ညည်းရင်း လည်တစ်ခြမ်းစောင်းလို့ နေရာတင် ပတ်ချာလည်နေတော့တာပေါ့။ ခဏကြာတော့မှ ဒီ့ထက်ဆိုးမယ့် အန္တရာယ်ကို ရိပ်စားမိတယ်ထင်ပါရဲ့ ခြေဦးတည့်ရာ တရောသောပါး ပြေးတော့တာပါပဲ။
 
ပြေးမယ့်သာပြေးတယ် သူ့အတွက် ထွက်ပေါက်ဆိုတာ ဘယ်မှာမှန်းမသိ။ ခိုးဝင်လာခဲ့၊ အတင်းဖြဲဝင်လာခဲ့တဲ့ အပေါက်ကိုလည်း အိမ်ရှင်က ပိတ်လိုက်ပြီဆိုတော့ ဒီကောင် ချောင်ပိတ်မိပြီပေါ့။ ဒီလိုနဲ့ အိမ်ထဲမှာ ပြေးလို့ရသမျှ လှည့်ပတ်ပြေးရင်း ပါးစပ်ကလည်း သူ့ဝသီအတိုင်း “တဂီးဂီး၊ တဂဲဂဲ” လုပ်နေပြန်သေးတာ။ အောက်ကလည်း နေသေး ကြောက်ပြီလားလို့ မေးတဲ့ အပေါက်မျိုးပေါ့။
 
အနှီခွေးဝဲစားနဲ့ အိမ်ရှင်တို့ အိမ်ထဲမှာ ရိုက်လိုက်၊ ပြေးလိုက်၊ အော်လိုက်၊ ကြိမ်းလိုက်၊ ညည်းလိုက်လုပ်နေတာကို ကြားပြီး ပတ်ဝန်းကျင်က လူတွေကလည်း အိမ်အပြင်ကနေ အိမ်ကို ဝိုင်းထားလိုက်ကြပါတယ်။ ခွေးသူခိုး၊ ခွေးဝဲစား ထွက်ပြေးလာရင် တီးဖို့ သံတုတ်၊ သစ်သားချောင်း၊ ဓား စတဲ့ လက်နက်ကိုယ်စီကိုင်လို့ အသင့်စောင့်နေကြတာပေါ့။ တချို့ဆို လေးခွတွေ၊ ဂျင်ကလိတွေတောင် ပါသေး။ ပိတ်ဟယ်၊ ဆို့ဟယ်၊ ဖမ်းဟယ်၊ ဆီးဟယ်ဆိုတဲ့ ညာသံတွေ လည်း ပေးလို့ပေါ့။ ပတ်ဝန်းကျင်ကလည်း ဘယ်အချိန်ကတည်းက သင်းကို တီးချင်နေကြသလဲတော့ မပြောတတ်ပါဘူး။ သင်းကလည်း တီးချင်စရာလေ။ သူတစ်ပါးပိုင်ပစ္စည်းကိုမှ တပ်မက်တဲ့ ခွေးသူခိုး ဖြစ်နေတာကိုး။
 
သူတစ်ပါးဥစ္စာကို မတရားသဖြင့် ရယူချင်တဲ့ ခွေးသူခိုး၊ ခွေးဝဲစားခမျာ အခုတော့ ခိုးဝင်လာတဲ့ ဝင်ပေါက်လည်း အပိတ်ခံရလို့ ထွက်ပေါက် ပျောက်ရုံတင်မက ထွက်လို့ရမယ်ဆိုရင်တောင် အပြင်ကနေ ဝိုင်းတီးဖို့ စောင့်နေသူတွေနဲ့ ဆိုတော့ “ဒီတစ်သက်တော့ ဝေးပြီကွယ်”ဆိုသလိုပေါ့။ ထွက်လို့ရရင်တောင် အရှင်ထွက်ထက် အသေထွက်ရဖို့ကိန်းသာ ရှိတော့တာပေါ့။
 
တကယ်တော့ ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအကြာ သူ့ရဲ့အတိတ်ဘဝတုန်းက ဖြစ်ခဲ့၊ သူကျူးလွန်ခဲ့တဲ့ အတိတ်ကုသိုလ်ကံရဲ့ သက်ရောက်မှု တစ်ခုပါပဲ။ ဒီဖြစ်စဉ်မျိုး သူကြုံခဲ့ရတာ ဒီတစ်ခါ တင်မက အခါပေါင်းလည်း လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှိပြီပေါ့။
 
(၂)
 
လွန်ခဲ့တဲ့နှစ်ပေါင်း လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလတုန်းကပေါ့။ ကျပ်မပြည်ရှာတဲ့ တစ်မတ်သား၊ ၂၅ ကျပ်သား လူတစ်ယောက်ရှိသတဲ့။ လူတစ်ယောက်ဆိုတာထက် စစ်သားတစ်ယောက်ဆို ပိုတိကျတာပေါ့။ လူပုရုံ တင်မဟုတ်ဘဲ ဉာဏ်ရည်ပါပု၊ စိတ်ဓာတ်ပါပုနေတဲ့ စစ်သားတစ်ယောက်ဆိုရင် ပိုလို့တောင် တိကျနေဦးမယ်။
 
သူ့မှာလည်း ခွေးဝဲစားလိုပဲ နာမည်ရှိတယ်။ တစ်မတ်သားတဲ့။ တစ်ကျပ်မပြည့်လို့။ ပြီးတော့ သူ့လို တစ်ကျပ် မပြည့်တဲ့ တစ်မတ်သားတွေကို ဦးဆောင်နေသူမို့ အရပ်က ခေါ်တဲ့နာမည်။ အရပ်ကပေးတဲ့ နာမည်။
 
အနှီတစ်မတ်သားဟာ “ထိုင်နေတာအကောင်း ထသွားမှကျိုးမှန်းသိ” ဆိုသလို (၃၄)ပါတီ တည်းဟူသော ပေါင်းနုတ်မြှောက်စား လူပုဂ္ဂိုလ်များအစုအဖွဲ့နဲ့ ပေါင်းမိတော့တာပေါ့။ မြှောက်ပေးရင် ဂွေးတက်အောင် ကတတ်တဲ့ သင်းနဲ့ ဘေးတီးမြှောက်ပင့် ဝါသနာထုံသူတို့ အဲဒီ့မှာ စတွေ့ကြတယ်ဆိုပါတော့။
 
ဒီလိုနဲ့ အဲဒီတစ်မတ်သားဟာ (၃၄)ပါတီဝင် ပေါင်းနုတ်မြှောက်စား လူပုဂ္ဂိုလ်များရဲ့ ဘေးတီးမြှောက်ပင့်အရောက်ပို့မှု ကနေ “မလုပ်ရဲတာ ဘာမှမရှိဘူး”လို့ ကြုံးဝါးလိုက်ပြီးတဲ့နောက် မလုပ်သင့်တာတွေ လုပ်မိတော့တာပေါ့။ မလုပ်သင့်တာ ဘာတွေကို လုပ်ခဲ့သလဲဆိုတော့ သူဟာ သူတစ်ပါးပိုင်ပစ္စည်း၊ ပြည်သူပိုင်ပစ္စည်း၊ လူထုပိုင်ပစ္စည်းကိုမှ အတင်းအဓမ္မလုယူရာကနေ အမှုအတွဲလိုက်ကြီးကို ကျူးလွန်မိတဲ့အထိ ဖြစ်ခဲ့တော့တာပေါ့။
 
အဲဒီကျူးလွန်မှုတွေထဲမှာ ကလေးသူငယ်ကစ သက်ကြီးရွယ်အိုတွေအထိ အရွယ်အမျိုးမျိုးရှိတဲ့ အပြစ်မဲ့ပြည်သူ ကြီးငယ်မဟူကို သတ်ဖြတ်၊ မုဒိန်းကျင့်၊ ညှဉ်းပန်းနှိပ်စက် စတာတွေအပြင် နေအိမ်တွေကို မီးရှို့တာ၊ နိုင်ငံအနှံ့က မရှိဆင်းရဲသား ဆိုင်ကယ်ကယ်ရီသမားလေးတွေရဲ့ ဆိုင်ကယ်တွေကို ပိတ်ဆို့၊ တားဆီး၊ လုယူတာ၊ ဆင်းရဲနွမ်းပါး ပြည်သူတွေ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ ဘဝရောက်အောင် ကုန်စျေးနှုန်းကို အဆမတန်ဖြစ်စေခဲ့တာ၊ ပလာတာလု စားတာ၊ စတိုးဆိုင်ဖောက်တာ၊ ဓားပြတိုက်တာ၊ နှစ်သောင်းကျပ်တန် ထုတ်ဝေတာ၊ ဆင်မည်းကို ဆင်ဖြူလုပ်တာ စတာတွေ ပါဝင်တာပေါ့။
 
နောက်ဆုံး ဘုရားဗန်းပြပြီး အလှူငွေကောက်လို့ အိတ်ထဲထည့်ဖို့ ကြံစည်တာအထိ ပါလိုက်သေးတယ်။ အဆိုးဆုံးကတော့ အရပ်တကာ၊ နယ်တကာလှည့်သလို ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကပါတစ်ဆင့် သူ့ရဲ့ ရွတ်တွ ပုပ်သိုးနေတဲ့ မျက်နှာကြီးကို အများပြည်သူမြင်တွေ့စေပြီး ဒေါသစိတ်တွေ နေ့စဉ်နဲ့အမျှ အထွတ်အထိပ်ရောက်အောင် ပြုမူခဲ့တာပါပဲ။
 
ဒီလိုနဲ့ တစ်မတ်သားလေးဟာ လူ့ဘဝမှာလည်း “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့စကားနဲ့အတူ သူဆတ်ဆော့ရင်း ပိတ်သွားခဲ့ရတဲ့ ထွက်ပေါက်အတွက် အကြံပေးပုဂ္ဂိုလ်ပေါင်းတစ်သိန်းရှစ်သောင်း ခန့်အပ်လို့ ရှာခဲ့၊ ဖွေခဲ့ရင်း အသက်ပျောက်ခဲ့ရရှာပါတယ်။
 
နောင်နှစ်ပေါင်း လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်လည်း ဒီဝဋ်တွေကို ပေးရင်း၊ ဆပ်ရင်း မကုန်နိုင်တဲ့ ဝဋ်ကြွေးတွေကြား ထွက်ပေါက်ပျောက်နေရှာသူ တစ်ယောက်အဖြစ် ဆက်လက်ကပြ အသုံးတော်ခံနေတော့တာပါပဲ။
 
(၃)
 
ကဲ…ဇာတ်ပေါင်းကြစို့ရဲ့။ လက်ရှိ ခွေးဝဲစားဖြစ်စဉ်ကတော့ ရပ်ကွက်ထဲကမို့ ကိုရင် သိတယ်ဆိုတာထားပါတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းက တစ်မတ်သားလေးရဲ့ ဖြစ်စဉ်တွေကိုကျတော့ ခင်ဗျားက ဘယ်လိုသိသလဲ မေးလာခဲ့ရင်တော့ ဖြေစရာ တစ်ခုပဲရှိပါတယ်။
 
အရာရာ ထိုးထွင်ကြိုတင်သိမြင်တော်မူတဲ့ နဂါးတို့ရဲ့ အရှင်သခင် နဂါးမယ်တော်ကြီး ဒေါ်Aမီဇွတ်က ကြိုသိပြီး ပြောပြလာတယ်လို့ မထင်မှတ်လိုက်ကြပါနဲ့။ နဂါးမယ်တော်ကြီးက ရှေ့ကိုပဲ ကြိုမြင်တာပါ။ ကိုရင်က ရှေ့ရော နောက်ပါ မြင်သူပါ။ တစ်မတ်သားဖြစ်စဉ်ဟာ ကိုရင်ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပေါင်းလေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာအထိ စိတ်ရှည်ရှည်နဲ့ နောက်ပြန်ရစ်ကြည့်ထားတဲ့ ဖြစ်စဉ်စစ်စစ်များသာ ဖြစ်ပါတယ်။
 
ကိုင်း…မိုက်ထိုးမီဒီယာတွေ ကိုရင့်ထံ လာလို့ရပါပြီ။ လာကြတော့မယ်ဆိုတာလည်း ကိုရင် ကြိုမြင်ပါတယ်။
 
ကိုရင်နွေဦး