စက်တင်ဘာ၊ ၁၀
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီးတဲ့နောက် ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့ ဌာနဆိုင်ရာ ရုံးတွေမှာ Jammer တွေကို တပ်ဆင်သွားဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။
“ အားလုံးတော့ မဟုတ်ဘူး၊ ရုံးတိုင်း မဟုတ်ဘူး၊ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ရုံးတွေကို အဲဒါတပ်ဖို့ ပြောလာတာပေါ့နော် ” လို့ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတာမှာ စစ်ဘက်နဲ့ အရပ်ဘက်ဌာနဆိုင်ရာ အကြီးအကဲတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ တိုင်းနဲ့ပြည်နယ်အသီးအသီးက ဌာနဆိုင်ရာ ရုံးတချို့မှာ တပ်ဆင်ဖို့ သက်ဆိုင်ရာဌာနတွေကတဆင့် ညွှန်ကြားလိုက်တာပါ။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ဖြစ်ကြတဲ့ ရဲတပ်ဖွဲ့မှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ လ.ဝ.ကရုံး၊ စာရင်းစစ်ရုံး ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တဲ့ ရုံးတွေကိုသာ ပထမဦးစားပေး အနေနဲ့ တပ်ဆင်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ အခုက နှုတ်နဲ့ပဲ ညွှန်ကြားလာသေးတယ်။ မြဝတီဖြစ်စဉ်ကြောင့်ပဲ။ မြို့နယ်တခုနဲ့ တခုကလည်း တိုက်ခိုက်ခံရတဲ့ ရုံးတွေ မတူကြဘူးလေ၊ အဲဒီတော့ ဘယ်မြို့နယ်၊ ဘယ်ရုံးကို ဘယ်လိုတပ်ရမလဲဆိုတာ ပြန်လည်တင်ပြရမယ် ” လို့ အဲဒီနီးစပ်သူက ပြောပါတယ်။
ဒီလိုမျိုး Jammer စက်တွေကို တပ်ဆင်သွားမယ့် ရုံးအနေနဲ့ သက်ဆိုင်ရာ ဦးစီးဌာနရုံးချုပ်ကနေ အသုံးစရိတ် ခွဲချပေးမှာမဟုတ်ဘဲ စစ်ဘက်ဆိုင်ရာရုံးတွေမှာ မိမိအစီအစဉ်နဲ့ အကန့်အသတ်ဖြင့်သာ မှာဝယ်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဌာနဆိုင်ရာရုံးတွေကို ဘယ်နေ့မှာ စတင်တပ်ဆင်ပေးသွားမလဲ ဆိုတာကိုတော့ စစ်ကောင်စီဘက်က အတိအကျ ညွှန်ကြားလာတာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။
အခုတပ်ဆင်မယ့် ဒရုန်းကာကွယ်ရေးစနစ် Jammer ဟာဆိုရင် တပ်ဆင်ထားတဲ့ ဧရိယာ တမိုင်ပတ်ဝန်းကျင်မှာ Electromagnetic Wave နဲ့ သက်ဆိုင်တဲ့ Drone၊ ဖုန်းလိုင်းတွေနဲ့ ရေဒီယိုလိုင်းတွေ အစရှိတဲ့ ကြိုးမဲ့စနစ်နဲ့ ပတ်သက်တာတွေ အသုံးပြုလို့ ရတော့မှာ မဟုတ်တဲ့အတွက် ဌာနဆိုင်ရာရုံးတွေမှာ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ ဒီဟာ (Jammer) က ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားမယ်လေ ဖွင့်ထားရင်။ အဲဒီတော့ ဒီဟာကို ဘယ်အချိန်မှာ ဖွင့်မလဲ ဘယ်လို အသုံးပြုမလဲဆိုတဲ့ ပြဿနာကို သူတို့ တိုင်ပင်ဆွေးနွေးနေတုန်းပဲ ” လို့ အထက်ပါစစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက မြို့ပြစစ်ဆင်ရေး ဆောင်ရွက်တဲ့အခါမှာ ဒရုန်းကို အသုံးပြုပြီး ဗုံးသီးချ တိုက်ခိုက်တဲ့နည်းလမ်းကို ပိုမိုအသုံးပြုလာတယ်လို့ ဆိုပါတယ်။
အဲဒီလို ဒရုန်းတွေကို အသုံးပြုတဲ့အခါမှာ မိမိတိုက်ခိုက်လိုတဲ့ ပစ်မှတ်ကို ထိထိရောက်ရောက်အနီးစပ်ဆုံး တိုက်ခိုက်နိုင်တဲ့အတွက် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အထိအခိုက် အကျအဆုံး နည်းတယ်လို့ မွန်ပြည်နယ်မှ ဒရုန်းတပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။
“ ဒီကောင်တွေ တော်တော် ကြောက်နေပြီ။ တခုပဲ စိုးရိမ်တာက ဒရုန်းတွေက ဈေးအရမ်းကြီးသလို ဝယ်ရလည်း ခက်တယ်ဗျ။ တခုပျက်စီးသွားရင်တော့ အရမ်းနှမြောတယ်၊ အဲဒါတခုပဲပေါ့နော် ” လို့ ပြောပါတယ်။
လက်ရှိ တော်လှန်ရေးအင်အားစုတွေ အများဆုံးအသုံးပြုနေတဲ့ တိုက်ခိုက်ရေးသုံး ဒရုန်းတစင်းဟာ ထိုင်းဘတ်ငွေ အနည်းဆုံး တသိန်း (မြန်မာငွေ သိန်းတရာဝန်းကျင်)အထက်မှာ ရှိကြတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်တဲ့ ဒရုန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖြန့်ဝေပေးတာ ရှိသလို ပြည်သူတွေထံက နေရရှိလာတဲ့ အလှူငွေတွေကနေတဆင့် ဝယ်ယူရတာလည်း ရှိတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွန်ရေးအစိုးရ NUG ကတော့ ထောက်လှမ်းရေး၊ တိုက်ခိုက်ရေး လုပ်ငန်းတွေအတွက် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ရင်းတွေအတွက် ဒရုန်းအစင်းပေါင်း လေးရာကျော် ဖြန့်ဝေထားတယ်လို့လည်း သြဂုတ်လ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အစောပိုင်းတုန်းက PDF တွေရဲ့ ဒရုန်းအန္တရာယ်ကို ကာကွယ်နိင်ရန်အတွက် ဒရုန်းပစ်ချနိုင်တဲ့ လက်နက်တွေနဲ့ Jammer တွေကို တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်တချို့က ဌာနဆိုင်ရာရုံးတွေမှာ တပ်ဆင်ကြဖို့ကို စစ်ကောင်စီက တရားဝင်ညွှန်ကြားခဲ့ပါသေးတယ်။
ဒါပေမယ့် အဲဒီကာလတုန်းက ဝယ်ယူဖို့ အခက်အခဲရှိနေတာကြောင့် ရုံးအနည်းစုနဲ့ စစ်ဘက် ဆိုင်ရာရုံးတွေမှာသာ ဝယ်ယူတပ်ဆင်ခွင့် ရခဲ့ကြတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဓာတ်ပုံ – Federal Wings