မင်းလှမှာ စစ်ကောင်စီတပ်စခန်းကို PDF သိမ်းပိုက်မီးရှို့ခဲ့

စက်တင်ဘာ၊ ၁၀
 
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။
 
“ အရင်က အဲ့ဂိတ်မှာ လူအင်အား ခုနှစ်ဆယ်လောက်ရှိတယ်။ အခုက ဆယ်ဂဏန်းလောက်ပဲ ရှိတယ်ကြားလို့ သွားသိမ်းတာပါ “ လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၅) တာဝန်ရှိသူက ပြောပါတယ်။
 
စိန့်ကန့်လန့်-မြို့ချောင်း၊ ပဲခူးရိုးမ ဖြတ်ကျော်လမ်း၊ ခါချဉ်တောင် ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းတခုကို မနေ့က စက်တင်ဘာလ ၉ ရက်၊ ည ဆယ်နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
 
” အဲဒီ မြို့ချောင်း-စိန်ကန့်လန်ပေါ့၊ ရန်ကုန်-ပြည်လမ်း ပေါ်မှာရှိတဲ့ ဂိတ်တွေထဲမှာ ကျွန်တော်တို့ ခုလုပ်လိုက်တဲ့ ဂိတ်က အကြီးဆုံးပဲ ပြောရမှာပေါ့ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီက ပြန်လည်ပစ်ခတ်တာမျိုး ရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေက အင်အားနဲ့ ဗျူဟာ အသာရမှုကြောင့် စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် စခန်းမှာရှိတဲ့ တဲသုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတပ်စခန်းမှာ ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ သစ်ခိုးထုတ်တာတွေကို ခွင့်ပြုပေးနေပြီး အခွန်ကောက်နေသလို အရပ်သားတွေဆီက ငွေကောက်ခံတာ၊ ပစ္စည်းတွေ သိမ်းဆည်းနေတာတွေ ပြုလုပ်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
 
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အကျအဆုံး ရှိနိုင်ပေမယ့် အသေးစိတ်ကိုတော့ အတည်ပြုလို့ မရသေးကြောင်းနဲ့ တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
 
ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ (၅)