ပုလောမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်လို့ လူငယ်တဦးသေဆုံး၊ သားအမိနှစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ ရက်၊ မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်အမျိုးသားတဦးသေဆုံးပြီး တခြား သားအမိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

“ဘာတိုက်ပွဲမှာမရှိဘဲ ပစ်တာ။ ရွာထဲမှာက လူတွေ ရှောင်နေကြတာမျိုးမဟုတ်ဘူး။ ပုံမှန်နေနေကြတာကို ပစ်ထည့်လိုက်တာ” လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလိုပစ်ခတ်မှုကြောင့် အသက် ၂၃ နှစ်ခန့်ရှိ ကိုမြတ်ဖြိုးဝေဟာ ဝမ်းဗိုက်မှာကျည်စထိမှန် သေဆုံးခဲ့တာဖြစ်ပြီး အသက် ရှစ်နှစ်ဝန်းကျင် ကလေးငယ်နဲ့ မိခင်ဖြစ်သူတို့ကတော့ ဒဏ်ရာရရှိခဲ့တာပါ။

“ကလေးတော့ သိပ်မစိုးရိမ်ရပေမယ့် အမေက စိုးရိမ်ရတယ်။ ဗိုက်မှာပဲထိတယ်ကြားတယ်။ မနေ့(စက်တင်ဘာ ၉)ကတည်းက ဆေးရုံမှာ ဆေးကုနေတယ်” လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။

အခုလို ပစ်ခတ်တာကို လက္ကူးရွာနဲ့ ဆယ်မိုင်လောက်အကွာ ကျောက္ကာရွာအနီး ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောကနေပစ်ခတ်ခဲ့တာလို ပြောကြသလို ပုလောမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၈၅ ကနေ ပစ်ခတ်ခဲ့တာလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

“ပုံမှန်ကတော့  ခလရ ၂၈၅ ကနေ ပစ်တာ။ အခုက ရေတပ်စစ်သင်္ဘောဘက်ကလည်း ပစ်သံကြားတော့ ဘယ်ကပစ်လိုက်တဲ့ဟာမှန်း သေချာမသိဘူး” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်နက်ကြီး အကြိမ်ရေကတော့ လေးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပြီး လက္ကူးရွာနဲ့ ကပ်ရက် ပြင်းဖြူရွာအနီးကိုလည်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူအထိအခိုက်မရှိဘူးလို့လည်း  သိရပါတယ်။

ပုလောမြို့နဲ့ လေးမိုင်လောက်အကွာ လက္ကူးရွာမှာ နှစ်ဖက်တိုက်ပွဲတွေမရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ မူးယစ်ဆေးဝါးရောင်းချနေတဲ့သူတွေကို ရွာထဲဝင်ရောက်ဖမ်းဆီးတာတွေ ရှိဖူးပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကလည်း ပုလောမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၈၅ ကနေ  လက္ကူးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ခုနစ်ဆယ်ကျော်အရွယ် အမျိုးသမီးကြီးတဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ပါတယ်။

အလားတူပဲ ဇွန်လ ၂၅ ရက်ကလည်း ခလရ ၂၈၅ ကနေ သုံးမိုင်လောက်အကွာ  ကျောင်းနိမ့်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်လို့ အသက် ငါးဆယ် ခန့်ရှိ အမျိုးသားတဦး ကျည်စထိမှန် သေဆုံးခဲ့ပါသေးတယ်။