စက်တင်ဘာ ၊ ၉
မကွေးတိုင်း ယောဒေသဆောမြို့နယ်အတွင်းကျေးရွာတွေကကျွဲ၊နွားတွေမှာကူးစက်မြန် အရေပြား ရောဂါတွေ ဖြစ်နေတာကြောင့်ရောင်းဝယ်စားသုံးမှုမလုပ်ကြဖို့ မြို့နယ်ပြည်သူအုပ်ချူပ်ရေးအဖွဲ့က ထုတ်ပြန်တားမြစ်လိုက်ပါ တယ်။
“ရောင်းဝယ်မှုကတဆင့် ကူးစက်မှု မပျံ့ဖို့ရယ်၊သေချာစစ်ဆေးနိုင်တာမရှိတော့ ရောဂါပိုးကြောင့် စားသုံးသူ တွေ ဒုက္ခရောက်မှာ စိုးလို့ တားမြစ်လိုက်တာပါ” လို့ဆောမြို့နယ် ပအဖပြောရေးဆိုခွင့်ရှိသူတဦးက DNA ကိုပြော ပါတယ်။
ဆောမြို့နယ်တောင်ပိုင်း သစ်ခက်နဲ့ ပုပ္ပကိုင်းကျေးရွာရှိ နွားအကောင်ရေ သုံးရာ ကျော်လောက်မှာ ဗိုင်းရပ်ပိုး ကြောင့်ဖြစ်တဲ့ Lumpy Skin disease (သွပ်ရောဂါ) ကူးစက်မှုဖြစ်နေတာကြောင့် ဆေးဝါးကုသပေးနေရတယ်လို့ ဆောမြို့မွေးမြူရေး တာဝန်ခံ ဆရာဝန်တဦးကလည်း ပြောပါတယ်။
“ပုပ္ပကိုင်းကတော့ တရွာလုံးနီးပါးဖြစ်နေတယ်၊အရေပြား လက္ခဏာဆိုတော့ အဖုအပိန့်တွေပေါက်တယ်၊ အင်ပြင် ထတဲ့ပုံစံမျိုးပေါ့၊အရေပြားမှာအဖုတွေထွက်တယ်၊ပြည်လိုက်တာလည်းရှိတယ်၊မလိုက်တာလည်းရှိတယ်၊ ဗိုင်းရပ် ကြောင့်ဖြစ်တယ်ဆိုရင် ပြည်မလိုက်ဘူး၊ ဒါပေမယ့် တခြားရောဂါပိုးတွေဝင်လာရင်တော့ပြည်လိုက်တယ်၊ အဓိက တော့ အရေပြားပြဿနာပါ၊သေနှုန်းကတော့နည်းတယ်” လို့ သူကရှင်းပြပါတယ်။
အဲ့ဒီရောဂါဟာ ကျွဲနဲ့နွားတွေမှာသာ အများဆုံးကူးစက်တက်ပြီး လူနဲ့ တခြားတိရိစ္ဆာန်တွေကို တော့ကူးစက်မှု မရှိနိုင်ဘူးလို့လည်းဆိုပါတယ်။
“ကိုယ်ခံအားကောင်းဖို့နဲ့ အဖုအပိန့်တွေပျောက်အောင်၊ အနာကျက်မြန်အောင် ဖိုက်တာမင် ဘီနဲ့စီအဓိက လိုအပ် သလို ပိုးသတ်ဆေးလည်း လိုအပ်တယ်၊ပိုးသတ်ဆေးနဲ့ကိုယ်ခံအားကောင်းအောင် အရင်ကုပေးနေရတယ်” လို့ ဆောမြို့မွေးမြူရေးတာဝန်ခံ ဆရာဝန်ကပြောပါတယ်။
လက်ရှိမှာ တခြားကျေးရွာတွေကို ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေဖို့အတွက် ရောဂါဖြစ်နေတဲ့ ရွာနှစ်ရွာကိုတော့ ယာ ယီပိတ်ထားရပြီး ကူးစက်မှုမြန်ဆန်တဲ့အတွက်တခြားဒေသတွေကို မပျံ့သွားအောင်အခုလို ကူးသန်းရောင်းဝယ်မှု တွေ ပိတ်ပင်ရတာလို့ဆိုပါတယ်။
ပြီးခဲ့တဲ့လအနည်းကတည်းက မကွေးတိုင်းအတွင်းမြို့နယ်တချို့မှာ ကျွဲ၊နွားတွေကူးစက်မြန် အရေပြားရောဂါ တွေဖြစ်ကာ သေဆုံးမှုတချို့လည်းရှိခဲ့ပါတယ်။
အရင်တုန်းကတော့ အခုလို တိရိစ္ဆန်ရောဂါတွေဖြစ်လာရင် မွေးမြူရေးနဲ့ကုသရေးဌာနကိုအကြောင်းကြားပြီး ကုသကြတာမျိုးရှိပေမယ့် လက်ရှိဒေသတွင်း အခြေအနေတွေအရတော့ အဲ့ဒီလိုကုသခံဖို့မလွယ်တာကြောင့် နီးစပ်ရာမှာပဲ ကုသကြရတယ်လို့ ရေနံချောင်းမြို့နယ်ကဒေသတချို့က DNA ကိုပြောထားပါတယ်။
သွပ်ရောဂါကူးစက်ခံရတဲ့ လက္ခဏာတွေအနေနဲ့ အထင်ရှားဆုံးအချက်ကတော့ တကိုယ်လုံးမှာ အဖုအပိန့်တွေ ထွက်လာတက်ပြီး အဖျားတက်တာ၊ ခန္ဓာကိုယ်က အနာရည်တွေထွက်ကျတာ၊ ကိုယ်တွင်းအကြိတ်တွေ ရောင် ယမ်းတာ၊ နှာရည်ကျတာ၊ အလွန်အမင်းသွားရည်ကျတာ၊ အစားပျက်တာ၊ စားမြုံ့မပြန်တော့တာ၊ ပိန်ချုံးချိနဲ့ လာ တာ စတဲ့အခြေအနေတွေကို တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရောဂါဖြစ်နေတဲ့ တိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်ကတဆင့်ဖြစ်စေ၊ သန်း၊ လှေး၊ မွှား၊ မှက် ၊ခြင်၊ယင်တို့က တဆင့်ဖြစ်စေ ရောဂါ ကူးစက်တက်တယ်လို့သိရပါတယ်။
ရောဂါကူးစက်မှုကို ထိန်းချူပ်ဟန့်တားနိုင်ဖို့အတွက် နာမကျန်းကျွဲနွားတွေကို တခြားကျွဲနွားတွေနဲ့အတူ ရော နှောမထားဖို့၊ ကျွဲ၊ နွား မွေးမြူရေးခြံတွေကို ပိုးသတ်သန့်စင်မှု လုပ်ဖို့ ၊ ရောဂါပိုး သယ်ဆောင်နိုင်တဲ့ အင်းဆက် ပိုးမွှားတွေကို ထိန်းချူပ်ဖို့၊ ဆေးထိုးအပ်နဲ့ ခြံအသုံးအဆောင်တွေကို မျှဝေသုံးစွဲမှုမလုပ်ဖို့ လိုတယ်လို့တိကု ဆရာ ဝန်တွေကအကြံပြုထားပါတယ်။