AA နဲ့ စစ်တပ်တို့ အပြန်အလှန်ဖမ်းထားသူတွေကို နှစ်ဖက်ညှိနှိုင်းမှုနဲ့ ပြန်လွှတ်

စက်တင်ဘာ ၊ ၉

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်(AA)တို့ အပြန်အလှန်ဖမ်းဆီးထားသူတွေကို နှစ်ဖက်ညှိနှိုင်းမှုနဲ့ပြန်လွှတ်ပေးလိုက်ပြီလို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက DNA ကိုအတည်ပြုပြောပါတယ်။

ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာ အုပ်စု၊ ဂေါ်တူရွာကULA အုပ်ချုပ်ရေးအဖွဲ့၀င် ကိုဟန်လင်းကို ပြီးခဲ့တဲ့ အခုလ ၆ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သလို အဲဒီနေ့တရက်တည်းမှာပဲ AA ကလည်း စစ်ကောင်စီ လက် အောက်ခံ ရဲတပ်သားနှစ်ဦးနဲ့ စစ်တပ်အရာရှိတဦးတို့ကို ပြန်လည် ဖမ်းဆီးခဲ့တာပါ။

“ULA က ကိုဟန်လင်းကို စစ်တပ်ဘက်က အရင်လွှတ်ပေးတယ်၊နောက်တရက်နေ့မှာ AA ဘက်ကလည်း ဟိုသုံး ယောက်ကို လွှတ်ပေးလိုက်တယ်၊အပေါ်ပိုင်းမှာ ညှိနှိုင်းပြီးတော့ ‌ဖြေရှင်းလိုက်ကြတာပါ”လို့ AAနဲ့နီးစပ်တဲ့ ကျောက် ဖြူဒေသခံတဦးက  ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ဖမ်းထားခဲ့တဲ့ ULA အုပ်ချုပ်ရေးအဖွဲ့၀င် ကိုဟန်လင်းကို စက်တင်ဘာ ၇ ရက်မှာ ပြန်လွှတ် ပေးလိုက်သလို နောက်တရက်မှာတော့ AA ကလည်း သူတို့ဖမ်ထားသူတွေကို ပြန်လွှတ်ပေးခဲ့တာလို့ ဒေသခံတွေ က ပြောကြပါတယ်။

နှစ်ဖက်အလွတ်သဘောနဲ့ အပစ်ရပ်ထားကြတဲ့ ရခိုင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ စလုပ်ခဲ့တာဖြစ်ပြီး အပြန်အလှန် ဖမ်းဆီးမှုတွေက‌နေတစ်ဆင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြော ကြပါတယ်။

“တဖက်နဲ့ တဖက် ယုံကြည်မှု မရှိရင်တော့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်၊ဒီလို အဖမ်းအဆီးတွေနဲ့ဆိုတော့ လူတွေ ကတော့ စိုးရိမ်နေကြတယ်”လို့ ရခိုင်လွှတ်တော်အမတ်ဟောင်းတဦးက ပြောပါတယ်။

အခုအပြန်အလှန်ဖမ်းဆီးမှုဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဘက်က စဖမ်းခဲ့တာဖြစ်ပြီး ဆက်ပြီးတော့ ဒီလို အဖမ်းအ ဆီးတွေ မလုပ်ဖို့ လိုတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

 ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်ကလည်း ရန်ကုန်ကိုသွားတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် စိတ္တရကျေးရွာက လူငယ် နှစ်ဦးကို ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်က AA သံသယနဲ့ ဖမ်းဆီးထားလိုက်တယ်လို့ မိသားစုက ပြောထားပါတယ်။

ဒါ့အပြင် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကိုလည်း ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ တရားစွဲထားပါတယ်။

စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခု နို၀င်ဘာလ ၂၆ ရက်ကစပြီး ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဌရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့ အလွှတ်သဘောအပစ်ရပ်ထားခဲ့ကြတာဖြစ်ပြီး အဲဒီကြားထဲ တိုက်ပွဲဖြစ်ပွားမှု မရှိသေး ပါဘူး။

ရခိုင့်တပ်တော်(AA)ဟာ ရခိုင်ပြည်နယ်အတွင်း ဒေသအများစုမှာ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ထားပြီး သူ့ရဲ့ထိန်းချုပ်နယ်မြေတွေမှာ ရခိုင်အမျိုး သားအဖွဲ့ချုပ်(ULA)အမည်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထား တာ ဖြစ်ပါတယ်။