သင်္ဃန်းညီနောင်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ

စက်တင်ဘာ ၊ ၉

မြဝတီမြို့ သင်္ဃန်းညီနောင်ရွာအဝင်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပူးပေါင်းအဖွဲ့ လုံခြုံရေးဂိတ် ဒီကနေ့ မနက်ပိုင်းကပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ သံဃာတပါးလည်း ပျံလွန်တော်မူ သွားတယ်လို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

“ပြည်သူ့စစ်အဖွဲ့ဝင်တွေလို့ ပြောတယ်၊ ကျတာက သေချာတယ်၊ ဘေးနားမှာ ရှိနေတဲ့ သံဃာတော်တပါးလည်း ထိသွားတာ၊ အဲဒီအနားမှာပဲ လဲကျပြီး ပျံတော်မူလွန်သွားတယ်” လို့ သူက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်မြဝတီမြို့အထွက်သင်္ဃန်းညီနောင်ရွာအဝင်မှာရှိတဲ့ စစ် ကောင်စီလက်အောက်ခံပူးပေါင်းအဖွဲ့ရဲ့ လုံခြုံရေးဂိတ်ကို ဒီကနေ့မနက်ရှစ်နာရီကျော်မှာ အမည်မသိ လက် နက် ကိုင်အဖွဲ့တခုက ကားနဲ့ ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

 “ဟိုက ဝင်ပစ်တဲ့အချိန်တော့ ဒီဘက်က ပြန်ပစ်တာမျိုးရှိတယ်ပြောတယ်” လို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့နီးစပ်သူက ပြောပါတယ်။

နှစ်ဖက် ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ခဲ့ပြီးနောက် အမည်မသိလက်နက်ကိုင်အဖွဲ့ဟာသူတို့မောင်းလာတဲ့ Vigo ကားကို ထားတာ သင်္ဃန်း ညီနောင်ရွာသင်္ချိုင်းဘက်ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးသလို အဲဒီဒေသအနီး တဝိုက် လှုပ် ရှား နေတဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကို ဆက်သွယ်မေးမြန်းရာမှာလည်း အဆက်အသွယ်မရသေးပါဘူး။

 “မနက်က အဲဒီဘက်မှာ စစ်ဆင်ရေးတခုသွားကြတာရှိတယ်၊ ပူးပေါင်းတပ်ဖွဲ့ဘက်ကလေ၊ အမတို့နယ်မြေဘက် မဟုတ်တော့ အသေးစိတ်ကိုတော့ ပြောလို့အဆင်မပြေပါဘူး” လို့ ကော့ကရိတ်မြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ PDF ခေါင်းဆောင် တဦးက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လမ်းသွားလမ်းလာယာဉ်တွေကိုရှာဖွေစစ်ဆေးမှု တင်း ကျပ်ခဲ့ပေမယ့် လမ်းပိတ်ဆို့တာမျိုးတော့ မရှိခဲ့ဘူးလို့ဒေသခံတွေကပြောပါတယ်။

“ကားတွေ ဘာတွေ စစ်ဆေးနေတာတော့ တွေ့တယ်၊ အခုတော့ လုံခြုံရေးအများချထားတာရှိတယ်၊ အခုနေရာက ခဏခဏ တိုက်ခိုက်ခံရတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်ကလည်း တခါတိုက်ခိုက်ခံရလို့ တယောက်သေသွားသေးတယ်” လို့ ဒေသခံတဦးက ပြောပါ တယ်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို အခုလ ၃ ရက်က ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီအရာရှိတွေ ထိခိုက် သေဆုံးခဲ့ကြပြီးနောက်ပိုင်း မြဝတီမြို့နယ်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့ဘက်က ညဘက်လှည့်ကင်းထွက်တာတွေ၊ ရှောင်တခင်စစ်ဆေး တာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။