ကွယ်လွန်သူ ဗြိတိသျှ ဘုရင်မကြီးကို ဂုဏ်ပြုထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရွှေဒင်္ဂါးပြားကို မိတ်ဆက်ပြသ

စက်တင်ဘာ ၊ ၉

ကွယ်လွန်သူ ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘက်သ်ကို ရည်ရွယ် ဂုဏ်ပြုတဲ့ အနေနဲ့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဒင်္ဂါးတစ်ခုကို သွန်းလုပ်ခဲ့ကြောင်း သိရပါတယ်။

တန်ဖိုးကြီး ဇိမ်ခံ အသုံးအဆောင်တွေကို ဖန်တီးလေ့ရှိတဲ့ East India ကုမ္ပဏီက ထူးထူးကဲကဲ လက်ရာမြောက်လှတဲ့ ရွှေဒင်္ဂါးကို မိတ်ဆက် ပြသခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီးအပေါ် ထားရှိတဲ့ လေးစားချစ်ခင်မှုကို ပြသဖို့ အဲဒီ ဒင်္ဂါးကို ၁၆ လလောက် အချိန်ယူ ဖန်တီးခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ တနည်းအားဖြင့် ဘုရင်မကြီး မကွယ်လွန်ခင် အချိန်ကတည်းက ဒင်္ဂါးကို စတင် သွန်းလုပ်ခဲ့ပြီး ဓနဿဟာယ နိုင်ငံတွေက ပန်းထိမ် အနုပညာရှင်တွေကို ခေါ်ယူ တာဝန်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါ်လာ ၂၃ သန်းဝန်းကျင် တန်ဖိုးရှိမယ့် အဲဒီ ရွှေဒင်္ဂါးမှာ စိန်ပွင့်ပေါင်း ၆၄၀၀ ကျော် ထည့်သွင်း စီခြယ်ထားပြီး မျက်နှာစာ တဖက်မှာ ဘုရင်မကြီးရဲ့ အမှတ်တံဆိပ်အပြင် ကမ္ဘာကျော် ပန်းချီပညာရှင်တွေ ရေးဆွဲထားတဲ့ ပုံတူပန်းချီတွေကို နာရီဒိုင်ခွက် ပုံစံမျိုး သွန်းလုပ်ထားပါတယ်။ တခြားမျက်နှာစာမှာတော့ ဘုရင်မကြီးရဲ့ပုံ ပါရှိနေပါတယ်။

ဘုရင်မကြီး အဲလိဇဘက်သ် ကွယ်လွန်မှု ၁ နှစ်တင်းတင်း ပြည့်မြောက်တဲ့နေ့မှာ အဲဒီ ရွှေဒင်္ဂါးကို East India ကုမ္ပဏီက ထုတ်ဖော် ပြသခဲ့တာ ဖြစ်ပါတယ်။ ရွှေဒင်္ဂါးကို ထုတ်ရောင်းမလား၊ ကုမ္ပဏီရဲ့ လက်ရာမြောက် ဖန်တီးမှု တခုအဖြစ် သိမ်းဆည်းထားမလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဗြိတိသျှ ဘုရင်မကြီး ဒုတိယ အဲလိဇဘက်သ်ဟာ ဗြိတိန် ထီးနန်းကို နှစ်ပေါင်း ၇၀ ကျော်ကြာ စိုးစံခဲ့ပြီး မနှစ်က စက်တင်ဘာ ၈ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ရွှေဒင်္ဂါးကို စတင်သွန်းလုပ်ချိန်ဟာ ကမ္ဘာ့ကပ်ရောဂါ ကာလနဲ့ တိုက်ဆိုက်နေတာကြောင့် လိုအပ်သလောက် စိန်ပွင့်တွေ မှာယူလို့ မရဘဲ ကြန့်ကြာမှုတွေ ကြုံခဲ့တယ်လို့လည်း ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

ရွှေဒင်္ဂါးကို စတင်သွန်းလုပ်ချိန်က အခေါက်ရွှေသား ၄ ကီလိုဂရမ်လောက်ကို အသုံးပြုခဲ့ပြီး အပြီးသတ် လက်ရာ ထွက်ပေါ်တဲ့ အခါမှာတော့ ၂ ပေါင်ကျော် အလေးချိန် ရှိပါတယ်။ တွယ်ဆက်ထားတဲ့ ဘုရင်မကြီး ပုံတူပန်းချီ ဒင်္ဂါးငယ်လေးတွေကတော့ ၁ အောင်စ ကျော်ကျော်စီ အလေးချိန် ရှိတယ်လို့ ဆိုပါတယ်။

ရွှေဒင်္ဂါး မျက်နှာစာ တဖက်ပေါ်မှာတော့ ‘အသက်ရလာတာနဲ့အမျှ အတွေ့အကြုံ တိုးလာပြီး သင့်တင့်လျှောက်ပတ်စွာ အသုံးချတတ်မယ်ဆိုရင် ကောင်းမြတ်ခြင်း တခုပဲ’ဆိုတဲ့ ဘုရင်မကြီးရဲ့ အဆိုအမိန့်ကို ရေးထိုးထားပါတယ်။ နောက်တဖက်မှာလည်း ‘အတိတ်က ကွဲလွဲမှုတွေကို ချန်ထားနိုင်ခဲ့မှသာ အနာဂတ်ကို အတူရှေ့ဆက်နိုင်မယ်’ဆိုတဲ့ စကားကို ရိုက်နှိပ်ထားပါတယ်။

ဂင်းနစ် ကမ္ဘာ့မှတ်တမ်းတွေအရ လက်ရှိ တန်ဖိုးအကြီးဆုံး ရွှေဒင်္ဂါးအဖြစ် ၁၉၃၃ ခုနှစ်ထုတ် ရှားပါးလှတဲ့ Double Eagle ရွှေဒင်္ဂါးကို ၂၀၂၁ ခုနှစ်တုန်းက နယူးယောက်မြို့ Sotheby လေလံပွဲမှာ ရောင်းချခဲ့ချိန်က ရရှိထားတဲ့ ဒေါ်လာ ၁၈.၉ သန်း စျေးနှုန်းက စံချိန်တင်ထားခဲ့ပါတယ်။