စက်တင်ဘာ၊ ၈
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသရှိ နာမည်ကျော် ဓမ္ဗရံကြီးဘုရားအနီးက မြောက်ဂူနီဘုရား တောင်ဘက်မုခ် ပေါင်းကူး ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေက DNA သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။
“ အခု ပြိုကျတဲ့ နေရာက မုခ်ဆိုတော့ အရှေ့ဖက်ကို ထွက်နေတဲ့ သဘောတော့ ရှိတယ်။ အဲတော့ မိုးဒဏ်ကတော့ ခံရနိုင်တယ်လေ။ ကြည့်ရတာတော့ အုတ်တွေကလည်း အတော်ဆွေးနေတဲ့ပုံစံတော့ ရှိတယ်။ ဘုရားတခုလုံး အဲနားလေးတင်ပြိုတာပါ “ လို့ ဒေသခံတဦးက ပြောပါတယ်။
ဘုရားနှစ်ဆူတွဲ ရှိတဲ့ တောင်ဂူနီ နဲ့ မြောက်ဂူနီ ဘုရားနှစ်ဆူအနက် မြောက်ဂူနီဘုရား မုခ်ပေါင်းကူး ပြိုကျတာကို ဒေသခံတွေက ဒီနေ့မနက်ပိုင်းမှာ စတင်တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ တရက်လောက်ကတည်းက ပြိုကျထားတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
လက်ရှိ ပုဂံဒေသမှာ မိုးဆက်တိုက်ရွာသွန်းနေသလို မိုးရေချိန်များတဲ့ အတွက်အခုလိုပဲ ပုဂံဘုရားတွေ ပျက်ဆီးတာတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။
“ အဲဘုရားက လူအသွားအလာများတဲ့ ဘုရားဆိုလည်း ဟုတ်တယ်။ အဓိကတော့ ဓာတ်ပုံရိုက်တဲ့သူတွေ အသွားများတဲ့ နေရာပေါ့နော်။ ပြိုကျတယ်ဆိုတာကျတော့ မကောင်းဘူးလေ။ ဘယ်ခေတ်က လက်ရာပဲဖြစ်ဖြစ်ပေါ့နော်။ အခုဘုရားတွေပေါ်မှာလည်း အပင်တွေပေါက်လို့ ပေါက်နဲ့ ကြည့်ရတာ အဆင်မပြေဘူး “ လို့ ဒေသခံတဦးက မှတ်ချက်ပြုပါတယ်။
ပုဂံရှိ ဘုရား၊ စေတီ၊ ပုထိုးတွေပေါ်မှာ အလေ့ကျပေါက်တက်တဲ့ မြက်ပင်၊ ညောင်ပင်နဲ့ ထနောင်းပင်တွေကြောင့် အဲဒီဘုရားနံရံတွေကို များစွာ ထိခိုက်ထိခိုက်ပျက်စီးစေနိုင်သလို မိုးကာလမှာ အပင်တွေကနေ ဘုရားအတွင်း ရေကျနိုင်လို့ နံရံဆေးရေးပန်းချီတွေ ထိခိုက်နိုင်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ ထောက်ပြဝေဖန်မှုတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ အလယ်ပိုင်းနဲ့ ယခုလအစောပိုင်းကာလတွေမှာ ပုဂံမှာ နေ့စဉ်ဆိုသလို မိုးရွာသွန်းနေတဲ့အတွက် နာမည်ကျော်ဘုရားတွေအပြင် လူနေရပ်ကွက်တွေမှာပါ မိုးရေတင်ကျန်တာတွေ ဖြစ်နေပါတယ်။
အဲဒီ ဘုရားနားက ရေတွေကို ဩဂုတ်လထဲမှာ ပုဂံ ရှေးဟောင်းသုတေသနဌာနက ရေစီးရေလာကောင်းအောင်ဆိုပြီး ရှေးဟောင်းဘုရားတွေနား စက်ယန္တယားတွေ အသုံးပြုပြီး ရေမြောင်းတူးဖော်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ မေလအလယ်ပိုင်းလောက်က တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ပုဂံညောင်ဦးရှိ ထီးလိုမင်းလို ဘုရားအပါအဝင် အခြားနာမည်ကြီး ဘုရားစေတီ ခြောက်ဆယ်လောက် ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ ချောက်မြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရား အဆူ လေးရာနီးပါး ပျက်ဆီးခဲ့လို့ ပျက်ဆီးမှုအလိုက် ပထမ၊ ဒုတိယနဲ့ တတိယအဆင့် သတ်မှတ်ကာ နိုင်ငံတကာ အကူအညီတွေ ရယူပြီး ပြင်ဆင်ခဲ့ရပါသေးတယ်။
ပုဂံဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ဘုရားအဆူ ခြောက်ဆယ်ကျော် နဲ့ ၂၀၂၂ ခုနှစ်မှာလည်း ခြောက်ဆယ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ပြီး ဒီ ၂၀၂၃ ခုနှစ်ထဲမှာတော့ ဘုရားအဆူ နှစ်ဆယ်လောက် ပြိုကျ ပျက်စီးနေတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး RFA ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ပုဂံဒေသဟာ ပြီးခဲ့တဲ့ ဒီချုပ်အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ – ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း ဝင်ခဲ့ပါတယ်။
လက်ရှိပုဂံမှာ ရှေးဟောင်း ဘုရား စေတီပေါင်း ၃,၈၀၀ ကျော်ရှိသေးတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
ဓာတ်ပုံ – CJ