နျူကလီးယားနဲ့ တိုက်ခိုက်နိုင်တဲ့ ရေငုပ်သင်္ဘောမျိုး မြောက်ကိုရီးယား ပိုင်ဆိုင်လာပြီလို့ ကင်ဂျုံအန်းကြွေးကြော်

စက်တင်ဘာ၊ ၈

ကိုယ်ပိုင်ဟန်နဲ့ တည်ဆောက်ထားတဲ့ ပထမဆုံး နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစီးကို ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယားက ကြွေးကြော်ခဲ့ပါတယ်။

သူရဲကောင်း ကင်ကွန်အုခ်လို့ နာမည်ပေးထားတဲ့ ရေငုပ်သင်္ဘော အသစ်ကြီး တစီးကို အခု သီတင်းပတ်ထဲမှာ ရေတပ်က တခမ်းတနား မိတ်ဆက်ခဲ့ပြီး နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ကင်က ဒီရေငုပ်သင်္ဘောကြီးဟာ မြောက်ကိုရီးယား ရေတပ်ရဲ့ သမိုင်းသစ် အချိုးအကွေ့ အလှည့်အပြောင်း ဖြစ်လာမယ်လို့ မိန့်ခွန်းပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတကာ စစ်ရေးသုတေသီတွေကတော့ နည်းပညာပိုင်း ကန့်သတ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့ အခြေအနေမှာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောဟာ ညွှန်းသလောက် အစွမ်းထက်ပါ့မလား ဆိုတာကို သံသယရှိနေပါတယ်။ တချို့သော တောင်ကိုရီးယား လက်နက်ပါရဂူတွေက သူရဲကောင်း ကင်ကွန်အုခ်ဟာ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေရဲ့ အခြေခံ လုပ်ငန်းတာဝန်တွေကိုတောင် နည်းမှန်လမ်းမှန် လုပ်ဆောင်နိုင်ပါ့မလား ဆိုတာမျိုး မေးခွန်းထုတ်နေပါတယ်။

ကင်ရဲ့ အဆိုအရ အဲဒီ ရေငုပ်သင်္ဘောမှာ နျူကလီးယား စစ်လက်နက်တွေ အများအပြား တပ်ဆင်ထားနိုင်ပြီး လိုအပ်လာရင် ရန်သူတွေကို လက်ဦးမှု ယူပြီးဖြစ်စေ၊ လက်စားချေ တုံ့ပြန်ပြီးဖြစ်စေ ထိထိရောက်ရောက် ချေမှုန်း တိုက်ခိုက်နိုင်မယ်လို့ သိရပါတယ်။ သူက မြောက်ကိုရီးယားရဲ့ လက်ရှိ အလတ်စား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အားလုံးကိုလည်း နျူကလီးယား လက်နက် တပ်ဆင်နိုင်တဲ့ အဆင့်မျိုး မြှင့်တင်ဖို့ ဖိအားပေး တောင်းဆိုထားပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေးဌာနကတော့ မြောက်ကိုရီးယားက ကိုယ်ပိုင်ဟန်နဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ ရေငုပ်သင်္ဘောဟာ ပုံမှန် စစ်ဆင်ရေး တာဝန်တွေကိုတောင် ဟန်ကျပန်ကျ ထမ်းဆောင်နိုင်ဖွယ် မရှိဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် စစ်ရေးသုတေသီတွေကလည်း အဲဒီ ရေငုပ်သင်္ဘောရဲ့ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နိုင်စွမ်းကိုရော၊ လက်နက်တွေ တပ်ဆင်ပစ်ခတ်နိုင်မှု စွမ်းရည်ကိုပါ သံသယတွေနဲ့ ဝေဖန် မေးခွန်းထုတ်နေပြန်ပါတယ်။ 

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘော အခြေစိုက် ပဲ့ထိန်းဒုံးကျည်တွေကို ၂၀၁၅ ခုနှစ်နောက်ပိုင်း ၉ ကြိမ်ထိ စမ်းသပ် ပစ်ခတ်ဖူးပေမယ့် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် အမျိုးအစားတွေကို လက်တွေ့ စမ်းသပ်ပြနိုင်ခြင်း မရှိသေးပါဘူး။ ရေငုပ်သင်္ဘောတွေပေါ်ကနေ အခြေစိုက်ပြီး နျူကလီးယား လက်နက်တွေ ပစ်ခတ်ရတာဟာ နည်းပညာပိုင်း ရှုပ်ထွေးပြီး တောင်းဆိုမှုတွေလည်း အရမ်းမြင့်မားတဲ့ အခြေအနေကြောင့် မြောက်ကိုရီးယား ရေတပ်က ကိုင်တွယ်နိုင်ပါ့မလား ဆိုတာကို သံသယနဲ့ ဆန်းစစ်မှုတွေ ရှိနေတာ မဆန်းပါဘူး။

ရေငုပ်သင်္ဘောတွေဟာ သိုသိုသိပ်သိပ် စစ်ကစား လှုပ်ရှားပြီး တည်နေရာကို ထောက်လှမ်းရှာဖွေနိုင်ဖို့လည်း အရမ်းခက်ခဲတာကြောင့် တကယ်သာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်မယ်ဆိုရင် မြောက်ကိုရီးယားဟာ ပြိုင်ဘက်နိုင်ငံတွေကို အချိန်တိုင်း အလစ်အငိုက် ခြိမ်းခြောက် တိုက်ခိုက်နိုင်မယ့် အားသာချက်မျိုး ပိုင်ဆိုင်လာမယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

 

Ref: CNN