ဟောင်ကောင်မှာ နှစ်ပေါင်းတရာ့လေးဆယ်ကျော်အတွင်း စံချိန်တင် မိုးရွာသွန်းမှုနဲ့ တွေ့ကြုံ

စက်တင်ဘာ၊ ၈

ဟောင်ကောင်မှာ ရာစုနှစ် တခုကျော် ကာလအတွင်း စံချိန်တင် မိုးအသည်းထန်ဆုံး ရွာသွန်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဟောင်ကောင်အပြင် တရုတ်နိုင်ငံ တောင်ပိုင်းက တခြားမြို့ တချို့ဟာလည်း ထူးထူးကဲကဲ မိုးသည်းသည်းထန်ထန် ရွာသွန်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။ တရုတ်တောင်ပိုင်း ဒေသရဲ့ နေရာတချို့ဟာ မိုးလေဝသ သတင်းအချက်အလက် မှတ်တမ်းတွေ စတင် ရယူခဲ့တဲ့ ကာလတလျှောက် အမြင့်ဆုံး မိုးရေချိန်တွေကို ကြုံနေရပါတယ်။

ဟောင်ကောင် မိုးလေဝသ ဗျူရိုရဲ့ အဆိုအရ စက်တင်ဘာ ၇ ရက်မှာ မြို့ပြနိုင်ငံရဲ့ မိုးရေချိန်ဟာ စနစ်တကျ စတင်မှတ်တမ်းယူခဲ့တဲ့ နှစ်ပေါင်း ၁၄၀ နီးပါး ကာလအတွင်း အများဆုံး ဖြစ်လာတယ်လို့ သိရပါတယ်။

ရာသီဥတုနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေကြောင့် လူပေါင်း ၁၀၀ ကျော်ကို ဆေးရုံတင်ပို့ခဲ့ရပြီး နောက်ထပ် တချို့ကိုလည်း ကယ်ဆယ်ခဲ့ရတယ်လို့ ဟောင်ကောင် အရေးပေါ် စီမံတုံ့ပြန်မှု ဌာနက ကြေညာပါတယ်။

လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တချို့မှာ ဟောင်ကောင် မြို့တွင်းလမ်းတွေမှာ ရေတွေလျှံနေလို့ ကားအမိုးတွေပေါ်၊ အမြင့်ပိုင်း နေရာတွေပေါ် တက်ပြီး တိမ်းရှောင်နေရသူတွေကို တွေ့ရပါတယ်။ ဟောင်ကောင်နဲ့ တရုတ် ပြည်မကြီးကို ဆက်ထားရာ အဓိက လမ်းကြောင်းတခုဖြစ်တဲ့ ဆိပ်ကမ်း ဥမင်လည်း ရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။

ဟောင်ကောင်က တောင်စောင်းဧရိယာ တချို့မှာလည်း ရေကြီးပြီး မြေပြိုတဲ့အတွက် တချို့ အဝေးပြေးလမ်းတွေ ပိတ်ကုန်ပါတယ်။ အခုသီတင်းပတ်ကုန်မှာ မိုးနည်းနည်း ပါးသွားမယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပေမယ့် စိတ်ချလိုက်ရတဲ့ အဆင့်မျိုး မဟုတ်သေးဘူးလို့ လေးလေးနက်နက် သတိပေးထားပါတယ်။

သိပ္ပံပညာရှင်တွေက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပြဿနာနဲ့ ဆက်စပ်ပြီး အပူပိုင်း မုန်တိုင်းတွေ ဖြစ်ပေါ်မှုကလည်း မြင့်တက်လာတာကြောင့် နောက်ဆက်တွဲ ရေကြီးမှု အန္တရာယ်တွေလည်း ပိုမိုများပြားလာနိုင်တယ်လို့ သတိပေး ပြောကြားထားပါတယ်။

 

Ref: BBC