အမေရိကန်မှာ ကျင်းပမယ့် လုံခြုံရေး ညီလာခံတခုမှာ စစ်ကောင်စီ ဖိတ်ကြားခံထားရတဲ့အပေါ် ဝေဖန်ကန့်ကွက်မှုတွေ ရှိနေ

စက်တင်ဘာ၊ ၈

လုံခြုံရေး ညီလာခံနဲ့ လေ့ကျင့်ရေးဆိုင်ရာ ပရိုဂရမ် တခုဆီကို အာဆီယံ နိုင်ငံတွေကို အမေရိကန် နိုင်ငံက ဖိတ်ကြားထားရာမှာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်တွေပါ ဖိတ်ကြား ခံထားရတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

 အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ ညီလာခံနဲ့ ရေကြောင်းလုံခြုံရေး ကွန်ဖရင့် (ADMM-Plus)အပြင် အနာဂတ် ခေါင်းဆောင်များ ပရိုဂရမ်ကို ဟာဝိုင်ယီမှာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်ထိ ကျင်းပမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

အာဆီယံရဲ့ စည်းမျဉ်းတွေအရ ထိုင်းနဲ့ အမေရိကန်တို့က ပူးတွဲ ဥက္ကဋ္ဌ တာဝန်ယူပြီး မြန်မာ အပါအဝင် ADMM-Plus အဖွဲ့ဝင် နိုင်ငံအားလုံး တက်ရောက်ကြမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါဟာ အာဏာသိမ်း မြန်မာစစ်တပ်အပေါ် အမေရိကန် ကြီးမှူးတဲ့ စစ်ရေး ညီလာခံ တခုမှာ တရားဝင် အသိအမှတ်ပြု ဖိတ်ကြားတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်လာနိုင်ကြောင်း Defend Myanmar Democracy (DMD) အဖွဲ့က ဝေဖန် ထောက်ပြခဲ့ပါတယ်။

DMDက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဆီ လိပ်မူပြီး ADMM-Plus ညီလာခံကနေ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ဖယ်ရှားပေးဖို့ စာရေးသား တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

မြန်မာစစ်အာဏာရှင်တွေဟာ နိုင်ငံကို မတရား အာဏာသိမ်းပြီး မြန်မာ ပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်နေသူတွေ ဖြစ်ပြီး သူတို့ကို အစည်းအဝေးတက်ဖို့ ဖိတ်ကြားတယ် ဆိုတာက မြန်မာအပေါ် လတ်တလော အမေရိကန် ကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်း DMDက ဆိုပါတယ်။

အမေရိကန် အစိုးရဟာ မြန်မာ ပြည်သူတွေကို ဒီမိုကရေစီ လမ်းကြောင်းဆီ ပြန်လည် လျှောက်လှမ်းနိုင်အောင် ကူညီပေးမယ် ဆိုတာရယ်၊ စစ်အာဏာရှင်တွေ ကျူးလွန်သမျှကို တာဝန်ခံစေမယ် ဆိုတာရယ်ကို အကြိမ်ကြိမ် ကတိပေးထားခဲ့ကြောင်း၊ အဲဒီကတိကို တည်မြဲစေဖို့အတွက် နိုင်ငံတကာအဆင့် ညီလာခံတွေမှာ စစ်တပ်ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်တယ် ဆိုတာမျိုးကို လုံးဝ ခွင့်မပြုဘဲ ဖယ်ကြဉ်ထားဖို့လိုကြောင်း၊ ဒါကြောင့်လည်း ပြည်သူတွေအပေါ် အကြမ်းဖက် ရက်စက်နေတဲ့ စစ်တပ်ကို လာမယ့် ADMM-Plus ညီလာခံ တက်ရောက်ခွင့် မပြုဘဲ ဖယ်ရှားပေးဖို့၊ စစ်အာဏာရှင်တွေကို အမေရိကန်က နိုင်ငံရေးအရ၊ ဘဏ္ဍာရေးအရ၊ ဒါမှမဟုတ် တခြား ရှုထောင့်တွေကနေ ကူညီ ထောက်ခံမိတာမျိုး လုံးဝမဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်ပေးဖို့ DMDရဲ့ ပေးစာထဲမှာ မေတ္တာရပ်ခံ တောင်းဆိုထားခဲ့ပါတယ်။

DMDဟာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးစ်က မြန်မာစစ်အာဏာပိုင်တွေကို အာဆီယံ အစည်းအဝေးတွေမှာ၊ အထူးသဖြင့် ကာကွယ်ရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ ညီလာခံမျိုးတွေမှာ တက်ရောက်ခွင့် မပြုဖို့ အလေးအနက် အကြံပြုထားတာကိုလည်း ထည့်သွင်း ကိုးကားပြထားပါတယ်။

မြန်မာစစ်တပ်ကို ဖယ်ကြဉ်ထားခြင်းကသာ အမေရိကန်က စံပြု တန်ဖိုးထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကျင့်ဝတ်တွေနဲ့ ကိုက်ညီမှာ ဖြစ်တယ်လို့လည်း DMDက အကြံပြု ဖော်ပြထားခဲ့ပါတယ်။

 

Ref: DMD