ကလေးမြို့ပေါ်မှာ မိုးများပြီး တောင်ကျရေကြောင့် ရေလျှံမှုဖြစ်ပွား

စက်တင်ဘာ၊ ၈
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စက်တင်ဘာလ ၆ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ချင်းတောင်ကနေ စီးဆင်းလာတဲ့ တောင်ကျရေတွေကြောင့် ဒီကနေ့ မှာ မြို့တွင်း ရေလျှံမှုတွေ ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
” အဓိက ကတော့ မြို့လယ်ဥပုသ်ချောင်း လျှံတော့ ချောင်းဘေးတလျောက်က အိမ်တွေ အကုန်ရေဝင်တယ်။ မြို့တောင်ပိုင်းက နန်းကလိန်ချောင်းက ရေလျှံလို့ မြို့သာဘက်က ချောင်းဘေးနေတဲ့ အိမ်ထောင်စု နှစ်ဆယ်လောက် ပြောင်းကြရတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဥပုသ်ချောင်းတလျောက် ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စု တရာကျော်လောက်ရှိပြီး ပြောင်းရွှေ့လာရတဲ့ အိမ်ထောင်စုတွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီတည်းခို နေထိုင်ကြရတယ်လို့ သိရပါတယ်။
 
” တောင်ကျရေက ခဏပါပဲ။ လောလောဆယ် မကျခင်လေး ပြောင်းရွှေကြတဲ့သဘောပါ။ မိုးဆက်ရွာနေမှာ တခုပဲ ပူရတယ်။ မိုးဆက်ရွာနေရင်တော့ နှစ်ရက်၊ သုံးရက်ကြာသွားနိုင်တယ် ” လို့ အဲဒီဒသခံက ပြောပါတယ်။
 
ကလေးမြို့ပေါ်က လူမှုရေးအသင်းအဖွဲ့တွေဟာ ရွှေ့ပြောင်းရတဲ့ မိသားစုတွေအပြင် နေအိမ်အောက်တွေကို ရေဝင်တာကြောင့် သွားလာရေးနဲ့ ချက်ပြုတ်စားသောက်ရေး အခက်အခဲဖြစ်ပေါ်နေတဲ့ အိမ်ထောင်စုတွေအတွက်ပါ ထမင်းထုပ်တွေ ပေးဝေနေကြပါတယ်။
 
” မြို့ထဲမှာ အိမ်ထဲ ရေဝင်တဲ့သူတွေအတွက် ထမင်းထုပ်တွေ ဝေနေပါတယ်။ ကျနော်တို့ မြို့ကတော့ ဒီလိုကိစ္စတွေမှာ လက်မနှေးပါဘူး ” လို့ မြို့ခံတဦးက ပြောပါတယ်။
 
အခုလို တောင်ကျရေလျှံတာဟာ မိုးများတာအပြင် ချောင်းတွေ ကောလာတာကြောင့်လည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကလေးဒေသမှာ ၂၀၁၅ ခုနှစ်က ရေ အကြီးအကျယ်လျှံခဲ့ပြီး တောင်ကျရေကနေ ပါလာတဲ့ နုန်းတွေကြောင့် ချောင်းတွေ ကောရတာဖြစ်တယ်လို့ ဆိုပါတယ်။
 
” ချောင်းက ကောရတဲ့ထဲ မြို့ထဲကလူတွေက အမှိုက်ကို ချောင်းထဲ ပစ်ပစ်နေကြတာ။ ဝက်သေကောင်ပုပ်ကအစ ပစ်တာဗျာ။ အာဏာသိမ်းပြီးကတည်းက စည်ပင်က အားမကိုးရတော့ဘူး။ ကိုယ့်ဟာကိုယ် ဆင်ခြင်ကြမှ ကောင်းမယ် ” လို့ ဒေသခံနောက်တဦးက ဆိုပါတယ်။
 
ကလေးမြို့ အရှေ့ဘက်က မြစ်သာမြစ်ရေ တက်လာမှာကိုလည်း စိုးရိမ်နေကြပေမယ့် လက်ရှိအချိန်မှာ ရေ အနည်းငယ် တက်တာကလွဲလို့ စိုးရိမ်စရာ မရှိသေးဘူးလို့လည်း မြစ်ဘေးမှာ နေထိုင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရဲ့ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ မြစ်သာမြစ်ရဲ့ စိုးရေရေမှတ် ၁,၁၀၀ စင်တီမီတာအနက် ၈၂၇ စင်တီမီတာ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၉၀၇ စင်တီမီတာ ရောက်ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media