ဘုတလင်မြို့မှာ ရဲတဦးပစ်ခတ်ခံရပြီးနောက် ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရ

စက်တင်ဘာ၊ ၈
 
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာ စက်တင်ဘာလ ၇ ရက် မနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရလို့ သေဆုံးသွားပြီးနောက် မြို့ပေါ်မှာ ဒေသခံ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” မနေ့က ဖြစ်ပြီးတော့ကို လူငယ်ဆယ်ဦးထက်မနည်း ဖမ်းခံရတာပေါ့။ အတိအကျတော့ မသိနိုင်ဘူး။ ကလေးတွေ ဂိတ်မှာ ဖမ်းထားတာလေးတွေ တွေ့တယ် ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့သူတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာနဲ့ ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးပါဘူး။
 
ဒါ့အပြင် စစ်ကောင်စီ လုံခြုံရေးတွေဟာ ဘုတလင် စစ်ဆေးရေးဂိတ်မှာ အများဆုံး စစ်ဆေးပြီး လူငယ်တွေဆိုရင် မှတ်ပုံတင်တွေ၊ ဖုန်းတွေ စစ်ဆေး ဖမ်းဆိီးတာတွေအပြင် ညပိုင်းမှာလည်း ဧည့်စာရင်းစစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
” မနေ့ညက ဘုတလင်မြို့ပေါ်ကို ပြန်ဝင်လာတဲ့ စစ်ကြောင်းက မင်းဝန် ရပ်ကွက်ထဲမှာ ညပိုင်း ဧည့်စာရင်း ဝင်စစ်တာတွေ လုပ်တယ်။ သူတို့လမ်းပေါ်သွားနေတဲ့ ခရီးသွားတွေကို ဆွဲဖမ်းတဲ့ သဘောရှိတယ်။ သူတို့ သံသယရှိတဲ့ ကားမျိုးဆိုရင် လက်နက်ငယ်နဲ့ လှမ်းပစ်ခတ်တာမျိုး ရှိတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဘုတလင်မြို့ပေါ်ရှိ မြန်မာစီးပွားရေးဘဏ် အနီးမှာ မနေ့က မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ကြပ် ဖိုးထူး ဆိုသူ သေဆုံးခဲ့ပြီး အူစီသေနတ် တလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဘုတလင် Local PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
” ဘုတလင် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က မြို့အတွင်း ဝင်ပစ်တာပေါ့။ အဲ့ဒီမှာ ရဲတပ်ကြပ် တယောက်သေပြီး သုံးယောက်ဒဏ်ရာရသွားတယ်။ ကျနော်တို့ ဖက်ကတော့ အထိအခိုက်အကျဆုံး မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ် ” လို့ သူကဆိုပါတယ်။
 
အဲဒီပစ်ခတ်မှု ဖြစ်စဉ်အပြီး စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်မှာ သွားလာနေတဲ့ လူငယ်တွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်တဲ့အပြင် မြို့အတွင်း လက်နက်ငယ်တွေ ခြောက်လန့်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ နောက်ထပ်ဒေသခံတဦးက ဆိုပါတယ်။
 
ဘုတလင်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးရုံး မှာသာ အထိုင်ချနေထိုင်ပြီး စာသင်ကျောင်း၊ စစ်ဆေးရေးဂိတ်၊ ဆေးရုံ၊ မီးသတ်ရုံးတွေမှာတော့ သူတို့တပ်တွေကို ဖြန့်ကျက်ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
” မုံရွာကနေ ဘုတလင်ဝင်တဲ့ လမ်းမှာ ရှိတဲ့ စစ်ဆေးရေး ဂိတ်ဆိုရင် အဆိုးဆုံးပဲ။ လာသမျှကား ပိုက်ဆံတောင်းတယ်။ မထင်ရင် မထင်သလို ကလေးတွေကို ဖမ်းဆီးတာတွေ လုပ်နေသေးတယ်။ သူတို့ အခုလို လုပ်နေတာကြာပြီ။ ပီဒီအက်ဖ်တွေ လက်ခံရင် မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာက ရှိသေးတယ် ” လို့ သူကဆိုပါတယ်။
 
ပြီးခဲဲ့တဲ့ သြဂုတ်လလယ်ပိုင်းလောက်ကလည်း ဘုတလင်မြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးမှူး အပါအဝင် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၂၁ ဦးကိုတော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media