DNA Fact Check

စက်တင်ဘာ၊ ၈
 
(ကလေးမြို့က မဟွဲ့ဘွဲ့ဟာ PDF ထောက်ပို့ဖြစ်ပြီး ‌ရောဂါနဲ့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအမှား)
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပြည်တော်သာကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတဦးဖြစ်သူ မဟွဲ့ဘွဲ့ဟာ PDF တွေကို ထောက်ပို့ပေးနေတာဖြစ်ပြီး စက်တင်ဘာလ ၅ ရက်က ရောဂါနဲ့သေဆုံးသွားတယ် ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။
 
အဲ့ဒီသတင်းကို စစ်တပ်လော်ဘီ ချန်နယ်တခုဖြစ်တဲ့ ရန်ကြီးအောင်ချန်နယ်က ဒီလ ၅ ရက်၊ မနက် ၉ နာရီ ၂၉ မိနစ်မှာ ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၁,၇၂၇ ဦး၊ reaction ပြုလုပ်သူ ၃၄ ဦး နဲ့ ပြန်လည်မျှဝေသူ ငါးဦး အထိရှိပါတယ်။ အဲ့ဒီ အကြောင်းအရာကိုပဲ Truth Media ကလည်း ဖြန့်ဝေထားကာ ကြည့်ရှု့သူ ၈,၂၃၉ ဦး၊ reaction ပြုလုပ်သူ ၈၄ ဦး၊ comment သုံးခု နဲ့ ပြည်လည်မျှဝေမှု ကိုဦး အထိရှိကာ ဆက်လက် ပြန့်နှံ့လျက်ရှိနေပါတယ်။
 
စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမှာ မဟွဲ့ဘွဲ့ဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို ထောက်ပို့ပေးနေတဲ့ ထောက်ပို့အကြီးစား ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်မှာ တူညီတဲ့ ဝဋ်ပြန်လည်ကာ ရောဂါနဲ့ သေဆုံးသွားတယ်လို့ ဖြန့်ချိနေပါတယ်။
Delta News Agency (DNA) Fact Check က အကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါမှာ အသက် ၃၁ နှစ်အရွယ် မဟွဲ့ဘွဲ့ ဟာ ရောဂါနဲ့ သေဆုံးသွားတာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ ရိုက်နှက်လိုက်တဲ့ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေ စွပ်စွဲထားတဲ့ စင်ကာပူနိုင်ငံကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေကို ထောက်ပို့လုပ်နေခဲ့တယ် ဆိုတာကလည်း အကြောင်းအရာအမှား ဖြစ်ပြီး သတင်းအမှား ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
 
သေဆုံးသွားတဲ့ မဟွဲ့ဘွဲ့ဟာ စင်ကာပူမှာ အလုပ်လုပ် လုပ်ခဲ့ပြီးနောက်၂၀၂၂ခုနှစ်၊ မေလပိုင်းလောက်မှာ ပြန်ရောက်လာတာဖြစ်တယ်လို့ ဆွေမျိုးနီးစပ်တော်သူတဦးက Delta News Agnecy ကို ဖြေကြားပါတယ်။
 
” PDF တွေနဲ့ပတ်သက်ပြီး သူ အဲ့တာမျိုးတွေ စိတ်မဝင်စားဘူး။ အဆက်အသွယ်လည်း မရှိဘူး။ စစ်ကောင်စီက ရိုက်တဲ့ ဒဏ်ရာကြောင့် ၅ ရက်နေ့ကပဲ ဆုံးသွားတာ ” လို့ အဲဒီသူက ပြောပါတယ်။
 
ဒါ့အပြင် မဟွဲ့ဘွဲ့နဲ့ သူ့ရည်စားဖြစ်သူတို့ ဟာ သြဂုတ်လ ၂၇ ရက်က ပြည်တော်သာရွာ ကနေ ကလေးမြို့ ကို သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံရပြီး ရိုက်နှက်ခံရလို့ ဆယ်ရက်အကြာ ဒီလ ၅ ရက်မှာ သေဆုံးခဲ့တဲ့ အကြောင်းကို Delta News Agency ရဲ့ ဒီ ပို့စ်မှာ သွားကြည့်လို့ရပါတယ်။
 
စစ်ကောင်စီတပ်က မဟွဲ့ဘွဲ့ရဲ့ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တို့ကိုပါ ယူထားလိုက်ပြီး ပြန်လွှတ်ပေးစေချင်ရင် ငွေပေးဖို့ တောင်းခဲ့ပေမယ့် မရတဲ့အတွက် နားကနေ သွေးကျတဲ့အထိ ရိုက်နှက်ခဲ့ကြောင်းကို People’s Spring ရဲ့ ဒီပို့စ်မှာ ကြည့်ရှုနိုင်ပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်မှုကြောင့် မဟွဲ့ဘွဲ့ဟာ သြဂုတ်လ ၂၈ ရက်၊ မနက်က သတိလစ်မေ့မြောသွားခဲ့ပြီး မိသားစုက ရှင်းဟုန်ဆေးခန်းကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့ပေမယ့်လုံးဝသတိပြန်လည်မလာခဲ့ဘဲ မန္တလေးကို ပို့ဆောင်ရာ လမ်းမှာပဲ သေဆုံးခဲ့ကြောင်းကို Salai Van Tha Bik account က ရေးထားတာကို ဒီ ပို့စ်မှာ ဖတ်နိုင်ပါတယ်။
 
ဒါ့အပြင် မဟွဲ့ဘွဲ့ကို စစ်ကောင်စီက ရိုက်နှက်ခဲ့တဲ့ အကြောင်း Khit Thit မီဒီယာက ရေးသားဖော်ပြထားတာကို ဒီ Link မှာလည်း ဖတ်လို့ရပါတယ်။
 
စစ်ကောင်စီတပ်က ရိုက်နှက်ခဲ့လို့ မဟွဲ့ဘွဲ့ သေဆုံးခဲ့ရပေမယ့် ဝါဒဖြန့်ချိရေး ချန်နယ်တွေက ထောက်ပို့ ဖြစ်နေတာကြောင့်ရယ်၊ ရောဂါနဲ့ သေဆုံးသွားခဲ့တယ်ဆိုတဲ့ အကြောင်းအရာအမှားတွေကို ရေးသားဖြန့်ဝေထားကာ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်များကို ဖုံးကွယ်ဖို့ ကြိုးစားနေကြတာပါ။
 
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာရှိတဲ့အတွက် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။
 
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်းဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/ အဖွဲ့အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့နဲ့ DNA Fact Check Team ကို ဒီနေရာကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပေးနိုင်ပါတယ်။