ပြည်တွင်းရွှေစျေး ကျပ်တသိန်း ထပ်မံကျဆင်းပြီး ၃၅ သိန်းကျပ်နဲ့ စျေးပိတ်

စက်တင်ဘာ၊ ၇
 
လတ်တလောအကျဘက်ကို ဦးတည်နေတဲ့ ပြည်တွင်းရွှေစျေးဟာ စက်တင်ဘာလ ၇ ရက် ဒီကနေ့မှာ တကျပ်သားကို ကျပ်တသိန်း ထပ်မံကျဆင်းပြီး ၃၅ သိန်းကျပ်နဲ့ ဒီညနေမှာ စျေးပိတ်တယ်လို့ ရန်ကုန် ရွှေကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။
 
“ အဓိကက ရွှေဈေး ကျတာက ဒေါ်လာဈေး ကျလာတာကြောင့်၊ ဒေါ်လာဈေး ကျတော့ ရွှေဈေးတွေ လိုက်ကျတာပဲ။ အရောင်းအဝယ်ကတော့ တော်တော်အေးတယ် ” လို့ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်း မှာရှိတဲ့ ရွှေကုန်သည် တဦးက ပြောပါတယ်။
 
အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို စက်တင်ဘာလ ၆ ရက်မနေ့က ၃,၆၃၀,၀၀၀ ကျပ်ပေါက်ဈေး ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ မနေ့ကထက် ကျပ်တသိန်း ကျဆင်းခဲ့ပြီး ၃,၅၃၀,ဝဝဝကျပ် ပေါက်ဈေးနဲ့ စျေးပိတ်ခဲ့တာလို့ သိရပါတယ်။
 
မြန်မာ့ရွှေစျေး ကျဆင်းနေတဲ့ အချိန်မှာပဲ ကမ္ဘာ့ရွှေဈေးဟာလည်း စက်တင်ဘာလ ၅ ရက်က တအောင်စကို ၁,၉၃၂ ဒေါ်လာ၊ ၆ ရက်မှာ ၁,၉၂၄ ဒေါ်လာနဲ့ ဒီကနေ့ ၁, ၉၁၈ ဒေါ်လာအထိ ဆက်တိုက် ကျဆင်းနေတာပါ။
 
ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ပိုင်းကစပြီး အမေရိကန် ဒေါ်လာဈေး ကျဆင်းလာတာကြောင့် မြန်မာငွေဈေး ပြန်တက်လာပြီး ပြည်တွင်းရွှေဈေးလည်း လိုက်ပါကျဆင်းလာတာလို့လည်း ရန်ကုန်က ရွှေကုန်သည်တွေက ပြောပါတယ်။
 
အခုလို ရွှေဈေးနှုန်း ကျဆင်းနေပေမယ့် ရွှေဈေးကွက်ထဲမှာတော့ ရွှေဆိုင်တချို့ အရောင်းပိတ်ထားသလို အရောင်းအဝယ်အေးနေတယ်လို့လည်း ဆက်ပြောပါတယ်။
 
စက်တင်ဘာလ ၆ ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၅၅၀ ကျပ်၊ တယူရို ၃,၈၈၄ ကျပ်၊ စင်္ကာပူ တဒေါ်လာ ၂,၅၅၅ ကျပ်နဲ့ ထိုင်းတဘတ် ၁၀၁ ကျပ် ပေါက်ဈေးရှိခဲ့ပါတယ်။
 
ဒါပေမယ့် ဒီနေ့မှာတော့ အမေရိကန် တဒေါ်လာ ၃,၅၆ဝ ကျပ်၊ တယူရို ၃,၈၄၆ ကျပ်၊ စင်္ကာပူ တဒေါ်လာ ၂,၆၄၀ ကျပ်နဲ့ ထိုင်းတဘတ်ကို ၁၀၀ ကျပ်ထိ ဈေးကျဆင်းခဲ့ပြီး အချိန်အလိုက် အပြောင်းအလဲ ရှိနိုင်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
 
ဓာတ်ပုံ – Reuters