စက်တင်ဘာ ၊ ၇
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကော့မပြင်းရွာအနီးမှာ စက်တင်ဘာလ ၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
“မိုင်းဆွဲပြီး တအောင့်ကြာတော့ ခြေလျင်လိုက်လာပြီး မိုင်းလာရှင်းလို့ ခြေလျင်စစ်ကြောင်းကို မိုင်းထပ်ဆွဲတာ၊ အဲမှာမှ ပိုထိတာ သူတို့ဘက်က” လို့ တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ် အမှတ် ၃၀၆ အမြောက်တပ်ရင်းကနေ တနင်္သာရီမြို့ဘက်ကို ဗီဂိုးကားနဲ့ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နဲ့ သုံးမိုင်လောက်အကွာ ပြည်ထောင်စုလမ်းမကြီးပေါ်က ကော့မပြင်းရွာအနီး အဲဒီနေ့ မနက် ၇ နာရီလောက်မှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ပေမယ့် ကားကိုတော့ တနင်္သာမြို့အဝင်က စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ )၅၅၇ ဘက်ကို ဆက်လက်မောင်းနှင်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ အမှတ် ၃၀၆ အမြောက်တပ်ရင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်လောက်က မိုင်းဆွဲခံရတဲ့ နေရာအနီးကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့အချိန် မိုင်းနှစ်လုံး ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
“ခြေလျင်လာတဲ့အဖွဲ့ထဲက ခုနစ်ယောက်လောက်ရှိမယ် လဲကျသွားတာ၊ ကျနော်တို့မြင်လိုက်ရတာ၊ သူတို့ မိုင်းလာရှင်းတာ မိုင်းတလုံးမှတော့ မပါသွားဘူး” လို့ အထက်ပါ ပကဖ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူတဦးအပါအဝင် ခုနစ်ဦးခန့် သေဆုံးခဲ့တယ်လို့ပြောပေမယ့် Delta News Agency အနေနဲ့ကတော့ အတိအကျ မတည်ပြုနိုင်ပါဘူး။
ကျဆုံးသွားတဲ့ ဗိုလ်အဆင့်ရှိသူရဲ့ အလောင်းကိုတော့ မြိတ်မြို့ဘက်ကို သယ်ယူသွားပြီး တခြားတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းကိုတော့ တနင်္သာရီမြို့ဘက်ကို သယ်ယူသွားတယ်လို့လည်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။
လက်ရှိမှာတော့ အမှတ် ၃၀၆ အမြောက်တပ်ရင်း အခြေစိုက်ရာ မော်တုန်းရွာနဲ့ တနင်္သာရီမြို့အကြား လမ်းတလျှောက် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးသွားလာနေပြီး တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုအတွင်း ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်က စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ ကာကွယ်ရေးတပ်ဘက်က တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ပါတယ်။