စက်တင်ဘာ ၊ ၇
အငြင်းပွားစရာ အခြေအနေတွေ ရှိနိုင်တဲ့ အားပျော့ ယူရေနီယမ် ထိပ်ဖူးတပ် ခဲယမ်းမီးကျောက်တွေကို အမေရိကန်က ယူကရိန်းဆီ ထောက်ပံ့ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
အမေရိကန် အစိုးရဟာ စစ်တပ်မှာ လက်ရှိ အသုံးပြုနေတဲ့ ဒေါ်လာ ၁၇၅ သန်းဖိုး စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ အပါအဝင် ယူကရိန်းအတွက် ကာကွယ်ရေးစရိတ် ဒေါ်လာ ၁ ဘီလီယံ တိုးမြှင့် ထောက်ပံ့ပေးသွားမယ်လို့ စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီအမံထဲမှာ အားပျော့ ယူရေနီယမ် ထိပ်ဖူးတပ် လက်နက်ကြီး ကျည်တွေကို ၂ လအတွင်း ယူကရိန်းဆီ ပို့ဆောင်ဖို့လည်း ပါဝင်ပါတယ်။
ယူရေနီယမ် သတ္တုဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ရာမှာ အဓိက အသုံးပြုတဲ့ ကုန်ကြမ်း ရင်းမြစ်ဖြစ်ပြီး အားပျော့ ယူရေနီယမ်တွေကတော့ ယူရေနီယမ် သတ္တု သန့်စင်မှုရဲ့ ဘေးထွက် စွန့်ပစ် ပစ္စည်းတွေလို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီ အားပျော့ ယူရေနီယမ်တွေဟာ ရေဒီယို သတ္တိကြွမှုတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့ ထင်ကြေးပေး ဝေဖန်မှုတွေ ရှိနေပေမယ့် သိပ္ပံနည်းကျတော့ သက်သေ မပြနိုင်ပါဘူး။
ဒါ့အပြင် အမေရိကန်၊ ရုရှား၊ ဗြိတိန်တို့ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ စစ်တပ်တွေမှာ အားပျော့ ယူရေနီယမ် ဖွဲ့စည်းပါဝင်တဲ့ ခဲယမ်းမီးကျောက်တွေကို အသုံးပြုနေပါတယ်။
အားပျော့ယူရေနီယမ် ထိပ်ဖူးတပ် ခဲယမ်းမီးကျောက်တွေရဲ့ အဓိက အားသာချက်ကတော့ မာကျောလှတဲ့ သံချပ်ကာတွေကိုပါ ထိုးဖောက်နိုင်စွမ်း ရှိခြင်းပါပဲ။ ဒါကြောင့် တင့်ကားဖျက် ဒုံးကျည်တွေနဲ့ လက်နက်ကြီး ကျည်ဆန်တွေမှာ အဲဒီ သတ္တုကို အဓိက အသုံးပြုလေ့ ရှိပါတယ်။
နှစ်ဆန်းပိုင်းတုန်းကလည်း ဗြိတိန်က အားပျော့ယူရေနီယမ် ထိပ်ဖူးတပ် ခဲယမ်းမီးကျောက်တွေ ယူကရိန်းဆီ ပေးပို့မယ်လို့ ကြေညာခဲ့တဲ့အတွက် ရုရှားက ဒေါသတကြီး တုံ့ပြန်ပြီး အလားတူ လက်နက်တွေကို သူတို့လည်း စစ်မြေပြင်မှာ ထုတ်သုံးရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒစ်မစ်ထရို ကူလီဘာကတော့ အမေရိကန်ဆီက အားပျော့ ယူရေနီယမ် ထိပ်ဖူးတပ် ၁၂၀ မမ လက်နက်ကြီး ကျည်တွေ လက်ခံရရှိမယ့် သတင်းကို ကြိုဆိုခဲ့ပြီး အဲဒီ ခဲယမ်းမီးကျောက်တွေဟာ ရုရှားရဲ့ ရန်လို ကျူးကျော်မှုကို တွန်းလှန်ရာမှာ အထောက်အပံ့ကောင်းတွေ ရရှိစေလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
အမေရိကန်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ဆင်နွှဲချိန်ကစလို့ ကာကွယ်ရေး အထောက်အပံ့တွေ ဒေါ်လာ ၄၃ ဘီလီယံထိ ယူကရိန်းဆီ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။