ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်နေပေမယ့် ဆေးကုသခွင့် ငြင်းဆိုခံထားရကြောင်း သားဖြစ်သူပြော

စက်တင်ဘာ ၊ ၇ 

အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီး အကျဉ်းချမှုကို ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ​ပြဿနာတွေ ကြုံနေရပေမယ့် ဆေးကုသခွင့် ငြင်းဆို ခံထားရကြောင်း သားဖြစ်သူ ကင်အဲရစ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဟာ တခြား အစိုးရ အရာရှိ တချို့နဲ့အတူ ဖမ်းဆီးထိန်းသိမ်း ခံထားရတာ ဖြစ်ပါတယ်။

ဇူလိုင်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချထားရာကနေ နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သူ့ရဲ့ တည်နေရာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

 အသက် ၄၆ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ကင်က သူ့မိခင်ဟာ သွားကိုက်ရာကနေ နောက်ဆက်တွဲ ကျန်းမာရေး ချွတ်ယွင်းပြီး အော့အန်တာတွေ၊ အပြင်းအထန် မူးဝေတာတွေ ခံစားနေရတယ်လို့ ပြောပါတယ်။ နာမကျန်း ဖြစ်နေသူ တဦးကို သင့်တင့်လျောက်ပတ်တဲ့ ဆေးဝါး ကုသခွင့်မျိုးပေးဖို့ ငြင်းဆန်တယ် ဆိုတာဟာ ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့လွန်းတယ်လို့ ကင်က ဝေဖန်ပါတယ်။

သွားရောဂါ ဆိုးဆိုးရွားရွား ခံစားရတဲ့ ဘယ်သူမဆို အစားပျက်ပြီး သင့်တင့် မှန်ကန်တဲ့ ကုသမှုမျိုး ခံယူခွင့် မရဘူးဆိုရင် ကျန်းမာရေးအရ စိုးရိမ်စရာတွေ ကြုံလာမှာပဲဖြစ်ကြောင်း ကင်က ဆိုပါတယ်။

အာဏာသိမ်း စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး ကောင်းမွန်နေပြီး အရပ်ဖက်နဲ့ စစ်ဘက် ဆရာဝန်တွေက ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ တုံ့ပြန်ထားပါတယ်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံခေါင်းဆောင်နဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့ဖူးသူ တချို့က ဒေါ်အောင်ဆန်းစုကြည်မှာ အရင်ကတည်းက ပြင်းထန်တဲ့ သွားကိုက်ရောဂါနဲ့ သွေးအားနည်းတဲ့ ရောဂါတွေ ဖိစီးမှု ရှိနေခဲ့ကြောင်း ပြောပါတယ်။ အကျဉ်းကျနေချိန်မှာ သူ့ရဲ့ သွားကိုက်ဝေဒနာက ပိုမို ဆိုးရွားလာတယ်လို့လည်း ဆိုပါတယ်။

 အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေအတွက် သင့်တင့်လျောက်ပတ်တဲ့ ကုသမှုမျိုး ရရှိစေဖို့ စစ်ခေါင်းဆောင်တွေကို ပိုမိုဖိအားပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုထားပါတယ်။

စစ်တပ်က ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်သောင်းချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ ပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်တဲ့ လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင် အများအပြားက တောင်းဆိုနေပေမယ့် စစ်တပ်က မျက်ကွယ်ပြုထားပါတယ်။ စစ်အာဏာသိမ်းမှုအပြီး နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ အနှံ့မှာ လက်နက်ကိုင် တော်လှန်ရေး စစ်ပွဲတွေ အားကောင်းလာသလို ထိခိုက်သေဆုံးသူ ထောင်နဲ့ချီ များပြားလာခဲ့ပါတယ်။