“နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုရဲ့ ထိရောက်မှုနဲ့ ဘေးထွက် သက်ရောက်မှု”

စက်တင်ဘာ၊ ၆

မွန်မွန်

ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်တရက်မှာပဲ  မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုတွေ လုပ်မယ်လို့ အမေရိကန်သမ္မတ  Joe Biden က ကြေညာခဲ့ပါတယ်။ အဲဒီနောက် ဆက်တိုက်ဆိုသလို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့ က မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းအပေါ် ဒဏ်ခတ်အရေးယူခဲ့ကြပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ၊ ကုန်သွယ်ရေးဆိုင်ရာနဲ့ စစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသူ တဦးချင်းအပေါ် အရေးယူမှုတွေဟာ ၁၉၉၀ နောက်ပိုင်းကာလတွေကလိုပဲ မြန်မာနိုင်ငံအပေါ် ပြန်လည် ကျရောက်လာပါတယ်။ အာဏာသိမ်းအုပ်စုတွေကို အပြစ်ပေးဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အလွယ်ကူဆုံးနည်းလမ်းတစ်ခုအဖြစ် အနောက်နိုင်ငံတွေက အသုံးပြုလေ့ရှိကြပါတယ်။

ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေကတော့ အရင်ကာလတွေနဲ့ မတူကွဲပြားတဲ့ အခြေအနေတချို့ရှိတယ်လို့ သုံးသပ်ကြတာတွေရှိပါတယ်။ လက်ရှိကာလမှာ အမေရိကန်နဲ့ အီးယူအပါအဝင် အနောက်နိုင်ငံတွေကြား ပူးပေါင်း အရေးယူတာတွေအပြင် အရင်ကာလ အရေးယူမှုတွေ ချမှတ်ခဲ့ချိန်က အာဏာသိမ်းစစ်အုပ်စုအတွက် ဂယ်ပေါက်ဖြစ်ခဲ့တဲ့ ဒေသတွင်းနိုင်ငံတချို့ကပါ ဒဏ်ခတ်အရေးယူမှုမှာ ပါဝင် လုပ်ဆောင် တာတွေရှိလာတာကို တွေ့ရပါတယ်။ 

‘’အရင် နဝတ နအဖခေတ်လည်း အဲဒီလိုပဲ ပိတ်ဆို့မှုလုပ်တယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံပေါ့၊ အထူးသဖြင့် အမေရိကန်နိုင်ငံ၊ အီးယူကနည်းနည်း ကျန်တဲ့နိုင်ငံတွေ ဘယ်နိုင်ငံမှ မပိတ်ဘူး။ အရင်ဆုံး ဘဏ္ဍာရေးကဏ္ဍ၊ ဘဏ်တွေပိတ်တယ်၊ လူပုဂ္ဂိုလ်တွေပိတ်တယ်၊ ခရိုနီဘဏ်တွေပိတ်တယ်။ ဘိန်းရာဇာတွေပိတ်တယ်။ စစ်ခေါင်းဆောင်တွေကိုပိတ်တယ်။ ကုန်သွယ်ရေးတွေလည်း ပိတ်ဆို့ပေမယ့် သူတို့မှာ ကယ်ပေါက်တွေရှိတယ်။ တရုတ်ရယ်၊ ထိုင်းရယ်၊ စက်ာပူရယ် ကယ်ပေါက်ရှိတယ်။ အထူးသဖြင့် ဘဏ္ဍာရေးနဲ့ပိတ်တဲ့အခါ စင်ကာပူက ကာပေးတယ်။ အဲဒီလိုနည်းနဲ့ထွက်ပေါက်ရတော့ သူတို့က အဆင်ပြေတာပေါ့။ အိုကေတာပေါ့၊ အသက်ရှင်တယ်ပေါ့။ အခုကျတော့ မအလ (မင်းအောင်လှိုင်) က ပြည်သူကိုသတ်၊ အဖြူအမည်းမခွဲ ဗုံးတွေကြဲ မီးတွေရှို့၊ အဲဒီတော့ ကောင်းပြီ မင်းတို့ပိုက်ဆံရှိမှ ဝယ်လို့ရတယ်။ လေယာဉ်ပျံနဲ့ချမယ်ဆို လေယာဉ်ဆီက မြန်မာပြည်ကဝယ်မရဘူး။  နိုင်ငံခြားကဝယ်ရတာ၊ ဒေါ်လာသုံးရတယ်၊ နိုင်ငံခြားငွေ foreign currency ပေါ့။ နိုင်ငံခြားငွေနဲ့ အဲဒါကို ပိတ်မယ်၊ ဘယ်သူကိုင်လဲဆိုပြီး တစ်ယောက်ချင်းလည်းပိတ်တယ်။ MFTB လို ပိတ်တယ်။ မင်းအောင်လှိုင်သားသမီးလည်း အကုန်ပိတ်တယ်။ အင်တာနေရှင်နယ်ဆန်ရှင်မှာ သူ့ကိုကယ်ခဲ့တဲ့ စင်ကာပူက မလုပ်တော့ဘူး။ စင်ကာပူဆိုတာ အသက်၊ ဗိုလ်သန်းရွေခေတ်ကစပြီး ဗိုလ်သိန်းစိန်အထိ ခရိုနီတွေနဲ့ ဗိုလ်ချုပ်တွေအတွက် အသက်၊ MEC တို့ ဘာတို့ စစ်တပ်စီးပွားရေး အဲဒါတွေမလုပ်တော့ဘူးဆိုတော့ ပြသနာတက်တာ’’ လို့ စီးပွားရေးပညာရှင်တဥိးဖြစ်သူ ဦးစိန်ဌေးက သုံးသပ်ပြောဆိုပါတယ်။

ဒီလိုအကျပ်အတည်းဆိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ နှစ်သောင်းတန် ငွေစက္ကူတွေရိုက်ထုတ်တာ၊ နိုင်ငံတကာ ငွေပေးချေမှုတွေကို ထိုင်းဘတ်ငွေနဲ့ရှင်းလင်းခွင့်ပြုတယ်လို့ ကြေညာတာတွေ ဆက်လုပ်ခဲ့ပါတယ်။

အာဏာသိမ်းစက နိုင်ငံတကာပိတ်ဆို့မှုတွေကို မမှုကြောင်း၊ အတွေ့အကြုံရှိကြောင်းနဲ့ မိတ်ဆွေနိုင်ငံတွေကို အားကိုးကြောင်း ထုတ်ပြောခဲ့တဲ့ စစ်ခေါင်းဆောင်တွေရဲ့ လေသံတချို့လည်း ပြောင်းလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က ရုရှားမှာလုပ်တဲ့ နိုင်ငံတကာလုံခြုံရေးညီလာခံကို စစ်ခေါင်းဆောင်ပေးပို့တဲ့ ဗီဒီယိုမက်ဆေ့မှာ နိုင်ငံတချို့က ဒေါ်လာကိုလက်နက်သဖွယ် အသုံးချနေတယ်လို့ စွပ်စွဲပြောဆိုသွားပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေး ဒုဝန်ကြီးကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နိုင်ငံခြားငွေ ကျပ်တည်းနေတယ်လို့  စစ်ကောင်စီက နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံသွားပါတယ်။

ပြီးခဲ့တဲလပိုင်းကပဲ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေအဖြစ် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်မှုတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ကန့်သတ်ခဲ့သလို ဆက်တိုက်ဆိုသလိုပဲ စင်္ကာပူ UOB ဘဏ်က မြန်မာဘဏ်တွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Sonali ဘဏ်ကလည်း MFTB နဲ့ MICB ဘဏ်တွေရဲ့အပ်ငွေ အမေရိကန်ဒေါ်လာ ၁.၁ သန်းကို ထိန်းချုပ်လိုက်ပြီလို့ သြဂုတ်လအတွင်းမှာ ကြေညာခဲ့ပါတယ်။

တဘက်မှာလည်း အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်ထိ စစ်ကောင်စီအပေါ် နိုင်ငံတကာကပိတ်ဆို့မှုတွေလုပ်ဖို့၊ စစ်တပ်ငွေရတဲ့ စီးပွားရေးလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက နိုင်ငံတကာကို ဆက်တိုက်တောင်းဆိုနေပါတယ်။

ဒီတောင်းဆိုမှုတွေထဲမှာ စစ်တပ်ရဲ့ အဓိက ငွေရလမ်းဖြစ်တဲ့ MOGE ခေါ် ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကရတဲ့ ဝင်ငွေလမ်းကြောင်းကိုတော့ အမေရိကန်နိုင်ငံက အခုထိ ဒဏ်ခတ်ပိတ်ဆို့တာမျိုးမရှိသေးပါဘူး။ ဥရောပသမဂ္ဂ အီးယူကတော့ MOGE အပေါ် ပိတ်ဆို့ဒဏ်ခတ်ခဲ့တာကြောင့် အစောပိုင်းမှာ ပြင်သစ်ရေနံကုမ္ပဏီတစ်ခုထွက်သွားပါတယ်။​ ဒါပေမယ့် ထိုင်း PTTEP ပြန်ဝင်လာတဲ့အတွက် သိသာတဲ့ ထိခိုက်မှုမျိုးမရှိခဲ့ပါဘူး။ 

နောက်ဆက်တွဲအနေနဲ့ ကြားခံဘဏ် Bank of China က တဆင့်ဖြတ်ပြီးလာရမယ့် ရွှေသဘာဝဓါတ်ငွေ့ကရတဲ့ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်ဟာ သီးခြားဘဏ်တစ်ခုမှာ ထိန်းသိမ်းခံလိုက်ရပါတယ်။

မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက လက်ရှိ ဒဏ်ခတ်အရေးယူမှုတွေအခုထက်ပိုထိရောက်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောကသုံးသပ်ပြောဆိုပါတယ်။

“လူတစ်ယောက်ကိုအရေးယူမယ်ဆိုရင် ကျွန်တော်တို့ပြောတိုင်း သူတို့အရေးယူတာမဟုတ်ဘူး။ သူတို့အနေနဲ့ သူတို့စစ်ဆေးတယ်။ တကယ်ရောဟုတ်လား၊ တကယ်ရော ဒီလူတွေက လက်နက်ရောင်းတာဟုတ်လား သူတို့ဘာသာစုံစမ်းတာရှိတယ်၊ သူတို့ဥပဒေနဲ့ ညီအောင်လုပ်ရတာရှိတယ်။ ဘာအချက်အလက်တွေပြည့်စုံရမယ်ဆိုတာရှိတယ်။ ဒါတောင်မှ တနိုင်ငံနဲ့တနိုင်ငံမတူဘူး။သူတို့တွေပူးပေါင်းပြီးတော့ အရေးယူတာတွေလည်း ဆီကွင့်ဆင်းအလိုက်အရေးယူတာရှိတာ တပြိုင်တည်းရှိတယ်။ အားမရတာက ဘဏ်တွေကို နိုင်ငံခြားငွေစီးဆင်းမှုရပ်အောင်လုပ်တာ အမေရိကန်ပြည်ထောင်စုက တော်တော်ထိရောက်တယ်။ စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းကို အခုထက် ပိုထိခိုက်အောင် လုပ်ဖို့လိုတယ်။ နိုင်ငံခြားငွေအများဆုံးရတာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကနေ၊ MOGE ကိုအခုထိ ဥရောပသမဂ္ဂက အရေးယူပေမယ့် ကျန်တဲ့တိုင်းပြည်တွေ အရေးမယူသေးဘူး၊ အားလုံးအတူတူလုပ်ရင် ပိုထိရောက်မယ်။ စစ်ကောင်စီက လူသတ်လက်နက်ဝယ်ဖို့ လမ်းကြောင်းရှိနေတယ်။ အခုဆိုရင် လေယာဉ်ဆီတွေအတွက် ကနေဒါကစ အရေးယူတယ်၊ အမေရိကန်ပြည်ထောင်စုလုပ်တယ်။ 

ရောင်းတဲ့ကုမ္ပဏီတွေကို အရေးယူမယ်။ မြန်မာနိုင်ငံမှာက ဒီကုမ္ပဏီနာမည်နဲ့ အရင်ကဝယ်တယ်၊ စစ်အာဏာရှင်ပဲ နောက်ကုမ္ပဏီပြောင်းလိုက်တာ ဘယ်သူမှမသိလိုက်ဘူး။ အရင်တုန်းက DICA မှာ ပွင့်လင်းမြင်သာတာရှိပေမယ့် အခု အဲဒါတွေမရှိတော့ဘူး။ သူတို့လုပ်ချင်သလို လှည့်ပတ်လုပ်နေတာတွေရှိတယ်။ လုပ်လည်းလုပ်နေတယ်။ ဥပမာ လေယာဉ်ဆီမှာ မြန်မာနိုင်ငံကိုသယ်သွားတဲ့ သင်္ဘောတွေကို အာမခံမရောင်းနဲ့၊ အဲဒါဖြတ်လိုက်ရင် အဲသင်္ဘောတွေက လေယာဉ်ဆီမသယ်နိုင်တော့ဘူး။ အဲဒါမျိုးတွေလုပ်လိုက်ရင် ပိုထိရောက်မယ်၊ လုပ်စရာလမ်းကြောင်းတွေရှိတယ်။ အခုလည်း ထိရောက်တာထိရောက်ပေမယ့် အခုထက် ပိုလုပ်လို့ရသေးတယ်’’ လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောကဆိုပါတယ်။

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ ချန်လှပ်ထားမှုတချို့လည်း ရှိပါတယ်။ အဲဒါကတော့ အထည်ချုပ်လုပ်ငန်းကဏ္ဍပဲဖြစ်ပါတယ်။ အီးယူက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ပေမယ့် အထည်ချုပ်လုပ်ငန်းကိုတော့ အခွင့်အလမ်းတချို့ပေးထားပါတယ်။ ဒါဟာ အခြေခံအလုပ်သမားတွေ ထိခိုက်နစ်နာမှုမရှိအောင် လုပ်ဆောင်တာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိသလို မတူညီတဲ့အမြင်တွေလည်းရှိပါတယ်။

လက်ရှိအခြေအနေကိုပြန်ကြည့်ရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေခံလူတန်းစားဟာ မြန်မာ့သမိုင်းတလျှောက် မကြုံဖူးတဲ့ အကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ စက်ရုံအလုပ်သမားတွေဘက်ကို ကြည့်ရင်လည်း လုပ်ငန်းခွင်အတွင်း ဘက်ပေါင်းစုံက အခွင့်အရေးချိုးဖောက်မှုတွေကတဘက်၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ လုပ်ခလစာမလုံလောက်မှုကြားမှာ အကျပ်ဆိုက်နေကြပါတယ်။

စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ဘေးထွက်သက်ရောက်မှုအနေနဲ့ လူထုအပေါ် ရိုက်ခတ်မှုရှိတာက ငြင်းမရတဲ့အချက်တစ်ခုဖြစ်တယ်လို့ ဒဏ်ခတ် အရေးယူတာကို သဘောကွဲသူတွေက ထောက်ပြကြတာရှိပါတယ်။

“ဘယ်လိုပဲ စီးပွားရေးတွေ ပိတ်ဆို့မှုတွေ ခေါင်းစဉ်မျိုးစုံနဲ့လာလာ၊ အရိုက်ခတ်ဆုံးကတော့ အခြေခံလူတန်းစားတွေပဲ။ ပိုပြီးတော့ ရိုက်ခတ်မှု အကြီးမားဆုံးပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းက အဆမတန်မြင့်မားနေပြီ၊ အနိမ့်ဆုံးလုပ်ခလစာကလည်း ၂နှစ်တကြိမ် သတ်မှတ်ထားသော်လည်း အခုငါးနှစ်ထဲ ဝင်လာပြီပြောင်းလဲမှုမရှိဘူး။ အခု စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကလည်း ထွက်ခွာဖို့လည်း တောင်းဆိုတာတွေရှိနေတော့ အခြေခံလူတန်းစား အလုပ်သမားတွေက တနေ့လုပ်မှ တနေ့ဝင်ငွေရတဲ့အပေါ် မိသားစုက ရပ်တည်ပြီးတော့မှ ရုန်းကန်နေရတဲ့အခြေအနေမှာ အခြေံလူတန်းစားအလုပ်သမားတွေရိုက်ခတ်တယ်.။ အနိမ့်ဆုံး လုပ်ခလစာ ပြဌာန်းထားတာ ငါးနစ်နီးပါးကြာနဲ့ ကုန်ဈေးနူန်းက ငါးဆနီးပါးတက်လာတယ်။ ကုန်ဈေးနူန်းတက်တယ်၊ အလုပ်အကိုင်တွေရှားတယ်၊ ကျပ်တည်းတာကိုပြောရမယ်ဆိုရင် အခုဆိုရင် ဆန်ဈေးက အရင်ဈေးထက် ငါးဆတက်နေတာ လက်ရှိရနေတဲ့ အနိမ့်ဆုံးလုပ်ခလစာက တဒေါ်လာစွန်းစွန်းပဲရှိတယ်။  အခုဆို ဒေါ်လာဈေးတွေ တက်နေတဲ့အခါ သတ်မှတ်ကာလတုန်းက သုံးဒေါ်လာနီးပါး ပြဌာန်းခဲ့ပေမယ့် အခုဆို တဒေါ်လာစွန်းစွန်း နှစ်ဒေါ်လာလောက်ပဲ။ နိုင်ငံရေးမတည်ငြိမ်မှုပေါ်မှာ စက်ရုံအလုပ်ရုံကို သွားနေရတယ်။ ရတဲ့ငွေက တဦးတစ်ယောက်ရပ်တည်ရေးကိုတောင် မဖူလုံတဲ့အခြေအနေဖြစ်နေတယ် မလောက်ငဘူး။ အလုပ်သမားတစ်ယောက်လုပ်အားက အလုပ်သမားအတွက် နေဖို့စားဖို့ ကျန်းမာရေးစရိတ်တောင်မလောက်တော့ဘူး’’ လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဌ မမိုးစန္ဒာမြင့်က အခုလိုသုံးသပ်ပါတယ်။

ပိတ်ဆို့မှုတွေကြောင့် လူထုထိခိုက်နိုင်မလားဆိုတဲ့ မေးခွန်းရှိသလို တဘက်မှာလည်း ပိတ်ဆို့မှုတွေမရှိရင်ကော ပြည်သူတွေထိခိုက်မှု သက်သာနိုင်လားဆိုတာကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဒဏ်ခတ် အရေးယူမှုကို တောင်းဆိုသူတွေက ပြန်ထောက်ပြကြပါတယ်။ လက်ရှိ အာဏာသိမ်းစစ်တပ်လက်အောင်မှာ လူထုဟာ အကျပ်တည်းဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး အာဏာသိမ်းမှုကို မတွန်းလှန်နိုင်ရင် ပိုဆိုးရွားတဲ့ အနာဂါတ်တွေနဲ့ ကြုံရမယ်လို့ သတိပေးကြပါတယ်။

‘’ပြည်သူတွေမထိဘူးလားဆိုတာ လွဲမှားတဲ့စဉ်းစားချက်ဖြစ်ပါတယ်။ အဲဒီလိုမေးခွန်း မေးမိပြီဆိုတာနဲ့ ဆန်ရှင်တွေမလာရင်ကော ပြည်သူတွေဘဝက ပိုမဆိုးပဲနဲ့ ပြန်ကောင်းလာဖို့မပြောနဲ့ ပိုမဆိုးဖို့ အာမချက်ရှိလားလို့ တွဲစဉ်းစားလိုက်ရင် စစ်အာဏာသိမ်းမှုအောက်မှာ ရှိနေသရွေ့ ပြည်သူတွေက ငတ်သထက်ငတ်ပြီး ဒုက္ခရောက်သထက် ရောက်ရတော့မှာပဲလို့ မြင်တယ်။ ဥပမာဆို အထည်ချုပ်ကဏ္ဍမှာ နှစ်ဒေါ်လာနဲ့ လုပ်ခလစာလုပ်ရတယ်။ အိုဗာတိုင်ကြေးမရဘူး၊ စကေးကြေးမရ ခေါင်းပုံဖြတ်မူများစွာနဲ့ မဝရေစာလုပ်နေရတာ၊ ဒီအခြေအနေလေးကို တည်မြဲနေဖို့ ဆန်ရှင်တွေမလုပ်ဘူးဆိုရင် မတရားဘူး။ 

အထည်ချုပ်ကဏ္ဍ တစ်ခုတည်းမှာတင် စစ်တပ်ရဲ့ဝင်ငွေ 3.2 US ဒေါ်လာဘီလီယံရှိတယ်။ ဒါသည် နိုင်ငံတကာက မြန်မာနိုင်ငံကို စီးဝင်လာတဲ့ ရင်းနှီးမြုပ်နှံမှုကရတာ။ ဒါတွေက စစ်ကောင်စီဆီကို ဘယ်လိုရောက်သလဲဆိုတဲ့ မေးခွန်းရှိတယ်။ အကုန်လုံးက စစ်ကောင်စီက ၂၀၂၁ အဆုံးပိုင်း ၂၀၂၂ အစပိုင်းမှာထုတ်ပြန်ခဲ့တဲ့ ဥပဒေရှိတယ်။ မြန်မာနိုင်ငံထဲကို ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငွေကြေးမှန်သမျှ မြန်မာငွေ လဲရမယ်ဆိုတဲ့ ဥပဒေထုတ်တယ်။ ၃.၂ ဘီလီယံသည် force exchange အတင်းအဓမ္မ ငွေလဲခိုင်းတဲ့အချိန်ကနေ သူတို့ဆီကို နိုင်ငံခြားငွေတွေအားလုံး စီးဆင်းဿွားတာပဲဖြစ်တယ်။ အဲတော့ ၃.၂ ဘီလီယံက စစ်တပ်ဆီကို ငွေလဲမူတွေဆီကတဆင့် ရောက်နေချိန်မှာ အလုပ်သမားထုက ဘာရလဲဆိုတော့ အလုပ်သမားထုက တစ်ယောက်ကို နှစ်ဒေါ်လာနူန်းနဲ့ ဆိုရင် အရင် ၂၀၂၂ မှာ ရှိပြီးသား စက်ရုံလုပ်သား လူ ၃ သိန်းနဲ့ တွက်ရင်တောင်  ဒေါ်လာ ၆ သိန်းပဲရှိမယ်။ ဒီပမာဏတွေကို သေသေချာချာမြင်တတ်ရင်  ဒါဆိုရင် ပိတ်ဆို့မှုကြောင့် လူထု ဒုက္ခမရောက်သွားနိုင်ဘူးလားဆိုတဲ့ မေးခွန်းအတွက် အဖြေရှိမယ်။”

လက်ရှိမှာတော့ စစ်ကောင်စီကို အခုထက်ပိုတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တက်ကြွလှုပ်ရှားတဲ့အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုနေကြပါတယ်။ အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူဖို့ ကျန်နေတဲ့ MOGE လို ရေနံလုပ်ငန်းတွေအပြင် အထည်ချုပ်လုပ်ငန်းတွေကိုလည်း ပိတ်ဆို့ဖို့ ဆက်လက်တောင်းဆိုနေကြပါတယ်။

အခုနှစ်ကုန်မှာထွက်လာမယ် ILO Resolution မှာလည်း စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေ အခုထက် ပိုတိုးမြှင့်နိုင်မှာဖြစ်ပြီး စစ်အုပ်စု ဆက်လက်ရပ်တည်ဖို့ ခက်ခဲလိမ့်မယ်လို့ ILO ကြားနာပွဲ သွားရောက်ခဲ့တဲ့ ဒေါက်တာလွမ်းဝေက ဆက်ပြောပါတယ်။

“ILO resolution သိပ်မကြာခင် ထွက်လာတော့မယ်လေ၊ ၂၀၂၃ ကုန်ရင် သေချာပါတယ်၊ ဆန်ရှင်တွေကို သူတို့ ထပ်ပြီး တိုးမြှင့်ပါလိမ့်မယ်။ အခု ILO မှာ  ဆွေးနွေးနေပြီ၊ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မူအခြေအနေတွေ၊ ကျွန်တော်ကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက်အနေနဲ့ သူတို့ဆီမှာသွားပြီး ကြားနာရတယ်။ ဘယ်လို ချိုးဖောက်ခံရတယ်၊ ဘာအခွင့်အရေးတွေ ဆုံးရူံးသွားတယ်၊ ဖက်ဆစ်စစ်တပ်က ဘယ်လိုယုတ်မာတယ်ဆိုတာ တင်ပြထားကြပြီးပြီ။ ဒီအချိန်မှာ ပိုတိုးလာမယ့် ပိုမြင့်လာမယ့် ဆန်ရှင်တွေကြားမှာ စစ်အုပ်စုက ရပ်တည်ဖို့ အင်မတန်ခက်လိမ့်မယ်။ ILO Sanction ထွက်ပြီဆိုရင် MOGE သော်လည်းကောင်း၊  Government Sector သော်လည်းကောင်း အကုန်ရပ်မှာ။ နိုင်ငံတကာအဖွဲ့အစည်းက ထုတ်ပြီဆို အားလုံးကရပ်မယ်။ အဲ့မတိုင်ခင်မှာတော့ သူတို့သည် ငါတို့ နည်းနည်းစဉ်းစားဦးမယ်၊ အကျိုးစီးပွားရှာဦးမယ်ဆို EU ကလည်း အထည်ချုပ် Sector မှာ ဆက်လုပ်ချင်သေးတယ်။ ဘာလို့ဆိုတော့ အီးယူကလည်း အထည်ချုပ်စက်တာမှာ အကြီးကြီးလုပ်နေတယ်။ PTTEP က MOGE နဲ့တွဲပြီး ပိုက်ဆံရှာတယ်။ ဒီလိုပိုက်ဆံရှာတဲ့အခါမှာ သူတို့ US government ကို ပြန်ဖိအားပေးတယ်၊ US ကလည်း ထိုင်းနဲ့ relation မပျက်ချင်တော့ MOGE ကို ဆန်ရှင်မလုပ်ပေးဘူး။ အဲတော့ သူတို့မှာ အသက်ရူပေါက်တွေရှိနေတယ်။ Banking ကတော့ တိုက်ရိုက်မထိခိုက်နိုင်တဲ့အတွက် တောက်လျှောက်ဆန်ရှင်လုပ်တယ်။  အဲတော့သိပ်မကြာခင်မှာပဲ မြန်မာဗဟိုဘဏ်နဲ့ စီးပွားရေးဘဏ်လည်း  ပိတ်ဆို့ခံရဖို့ အလားလာရှိတယ်လို့ သုံးသပ်တယ်။”

ဒီမိုကရေစီရေးလှုပ်ရှားသူတွေက နိုင်ငံတကာပိတ်ဆို့မှုတွေကို အများစုထောက်ခံကြပြီး တဘက်မှာလည်း ပိတ်ဆို့မှုတွေရဲ့ အကျိုးဆက်အဖြစ် စစ်တပ်ကိုထောက်ခံတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကို လမ်းဖွင့်ပေးတဲ့အခြေအနေတွေ ဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

လူထုကျပ်တည်းတာ၊ ဦးနှောက်ယိုစီးမှုလို ပြဿနာနဲ့ကြုံရတာ၊ လူငယ်နဲ့ တတ်သိပညာရှင်တချို့ တိုင်းပြည်က ထွက်ခွာသွားတာတွေဟာလည်း ပိတ်ဆို့မှုတွေနောက်ကွယ်က တခြားသောအကျိုးဆက်တွေဖြစ်ပါတယ်။ 

တဘက်မှာလည်း လက်ရှိ တိုင်းပြည်စီးပွားရေး ကျဆင်းနေတဲ့အခြေအနေနဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် စစ်တပ် ထိပ်ပေါင်းခေါင်းဆောင်တွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေး  လေ့လာသူတွေကသုံးသပ်ပြောဆိုကြပါတယ်။

‘’နိုင်ငံတကာ ပိတ်ဆို့မှုတွေကြောင့် အာဏာသိမ်းစစ်တပ် ပြုတ်ကျတဲ့အထိ ဖြစ်နိုင်လားဆိုတဲ့ မေးခွန်းဟာ ခန့်မှန်းရခက်ပေမယ့် စစ်တပ်ခေါင်းဆောင်တွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်သလို မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေက အင်မတန်မှ ဆိုးရွားတဲ့အခြေအနေကို ရောက်နေပါပြီ။ ဒီ ဆိုးရွားတဲ့စီးပွားရေးအခြေအနေက စစ်တပ်ကို ပြုတ်ကျစေမလား မပြုတ်ကျစေဘူးလားဆိုတာ ပြောရခက်ပါတယ်။ ခန့်မှန်းရခက်ပါတယ်။ ဒါပေမယ့် ကျိန်းသေဖြစ်လာနိုင်တာကတော့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်း မူဝါဒတွေနဲ့ ဆက်သွားဖို့မဖြစ်နိုင်ဘူး။ စီးပွားရေးအခြေအနေတွေ လက်ရှိမှာ ဒီလိုဖြစ်နေတယ်၊ အလုပ်မဖြစ်ဘူး၊ မူဝါဒတွေကျင့်သုံးလို့ မရနိုင်ဘူးဆိုတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ထင်တာက စစ်ခေါင်းဆောင်တွေ တွေးပုံကတော့ အာဏာရှိရင်ရှိ မရှိရင် ထောင်ထဲရောက်သွားနိုင်တယ်လို့ ယူဆတဲ့အတွက် သူတို့ကတော့ အာဏာရှိဖို့ကိုပဲ တွေးမှာပါပဲလို့ထင်ပါတယ်’’ လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ Bertil Lintner ကဆိုပါတယ်။