ကလေးမှာ စစ်တပ်ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးတဦး ဆယ်ရက်အကြာမှာ သေဆုံး

စက်တင်ဘာ၊ ၆
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်က စစ်ကောင်စီတပ်က ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးတဦးဟာ ဆေးရုံပေါ်မှာ ဆေးကုသရင်း ဆယ်ရက်အကြာ စက်တင်ဘာလ ၅ ရက် မနေ့က သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ မိသားစုတွေဆီက သိရပါတယ်။
 
“ သူ့ကောင်လေးနဲ့ အတူသွားတာ။ သူ့ကောင်လေးက အစိုးရဝန်ထမ်း။ ဒါပေမယ့် CDM လုပ်လား မလုပ်လားတော့ မသိဘူး။ ဖုန်းထဲစစ်တော့ သူ့ကောင်လေး သူငယ်ချင်းတွေ CDM လုပ်ထားတဲ့ ဂရုချက် ကို တွေ့ပြီးရိုက်တာ။ သူ့ကောင်လေး ကို ကျတော့ တုတ်တွေနဲ့ ရိုက်တာ။ သူ့ကို ပါးတွေ၊ နားတွေရိုက်တာ။ ဆေးကုရင်း မနေ့ကပဲ ဆုံးသွားတာ “ လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
အခုလို စစ်ကောင်စီတပ်က ရိုက်နှက်ခဲ့တာကြောင့် ကလေးမြို့မြောက်ပိုင်း၊ ပြည်တော်သာရွာ မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ မဟွဲဘွဲ့ (ဒိုဒိတ်ဘွဲ့) ဟာ ဆယ်ရက်အကြာမှာ သေဆုံးခဲ့တာပါ။
 
ပြီးခဲ့တဲ့ သြဂုတ်လ၂၇ ရက်မှာ မဟွဲဘွဲနဲ့ ရည်းစားဖြစ်သူတို့ဟာ ပြည်တော်သာရွာ ကနေ ကလေးမြို့သို့သွားရာ လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး စစ်ဆေးခြင်းကို ခံရပြီး ရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။
 
” အဲ့ဒီနေ့က စစ်သားတွေက ရိုက်တာတွေတင် မကဘူးဗျ။ ကန်တာတွေရော ပါတယ်။ တော်တော့်ကို ရက်ရက်စက်စက်လုပ်ကြတာ ” လို့ ကလေးမြို့အနောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီစစ်သားတွေဟာ မဟွဲ့ဘွဲ့ရဲ့ နားထဲမှ သွေးများထွက်သည်အထိ ရိုက်နှက်ခဲ့ပြီး ဖုန်း၊ ဆိုင်ကယ်နဲ့ ပိုက်ဆံအိတ်ကို သိမ်းကာ နောက်နေ့မှာ ပိုက်ဆံငါးသောင်းနဲ့ ပြန်ရွှေးဖို့ ပြောဆိုပြီး လူကို ပြန်လွှတ်လိုက်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
 
ရိုက်နှက်ခံခဲ့ရတာကြောင့် မဟွဲဘွဲ့ ဟာ အပြင်ထန်ဒဏ်ရာရရှိခဲ့ပြီး သြဂုတ်လ ၂၈ ရက်မှာ သတိလစ် မေ့မျောသွားတာကြောင့် ကလေးမြို့ ဆေးရုံ ကို ပို့ဆောင်ပြီး ဆေးကုသခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
 
အဲဒီလို ဆေးကုသရင်း သတိပြန်မလည်လာ တော့တာကြောင့် စက်တင်ဘာလ ၅ ရက် မနေ့က ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ဦးနှောက်နဲ့ အာရုံကြော စစ်ဖို့ မန္တလေးဆေးရုံကြီး ကို ပို့ဆောင်ရင်း လမ်းမှာ ကွယ်လွန်ခဲ့တာပါ။
 
အာဏာသိမ်းချိန်ကနေ စစ်တပ်လက်ချက်နဲ့ သေဆုံးတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ အရပ်သားပေါင်း ၄,၀၄၃ ဦး ရှိပြီး အဲဒီအထဲမှာ အမျိုးသမီး၆၀၈ ဦး (၁၅ ဒဿမ ၆ ရာခိုင်နှုန်း) ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP )က သြဂုတ်လ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media