စက်တင်ဘာ၊ ၆
အာဆီယံရဲ့ နောက်ဆုံး ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ဥက္ကဋ္ဌနဲ့ အနာဂတ် ဥက္ကဋ္ဌလောင်းတွေ ချိတ်ဆက်ပြီး မြန်မာ့အရေးကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်မယ့် လုပ်ထုံးလုပ်နည်း ယန္တရား တခုကို တည်ဆောက်သွားဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ် အာဏာသိမ်းလိုက်ချိန် နောက်ပိုင်း အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ၃ နိုင်ငံထိ ပြောင်းသွားခဲ့ပြီး ဖြစ်ပေမယ့် မြန်မာ့ အကျပ်အတည်းကို ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်း မရှိခဲ့ကြတဲ့အတွက် နိုင်ငံတကာ ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ ဂျကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံမှာတော့ အဖွဲ့ဝင် နိုင်ငံတွေက အစဉ်အတိုင်း တာဝန်ယူမယ့် အာဆီယံ ဥက္ကဋ္ဌ ၃ နိုင်ငံ ချိတ်ဆက်ပြီး မြန်မာ့အရေးကို ကိုင်တွယ်မယ့် သုံးပွင့်ဆိုင် အစီအစဉ်သစ်ကို လက်ခံ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ သုံးပွင့်ဆိုင် အစီအမံကို အဖွဲ့ဝင်နိုင်ငံတွေက လက်ခံခဲ့တဲ့အပြင် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ခွင့်ကိုပါ ပယ်ဖျက်ဖို့ကိုလည်း အဖွဲ့ဝင် နိုင်ငံတွေက သဘောတူခဲ့ကြပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ရင် သဘောထား နှစ်ခြမ်းကွဲလေ့ရှိတဲ့ အာဆီယံ အသိုက်အဝန်းထဲမှာ အခုကိစ္စနှစ်ခုကတော့ သိသိသာသာ စည်းလုံးညီညွတ်မှု ရှိလာတာကို မီးမောင်းထိုး ပြနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ မလုံလောက်သေးဘဲ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ပိုပြီး တင်းတင်းမာမာ ဖိအားတွေပေးဖို့ လိုအပ်နေဆဲလို့လည်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။
လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ရတ်နို မာဆူဒီက သုံးပွင့်ဆိုင် အစီအမံသစ် အကောင်အထည် ဖော်မယ့်ကိစ္စကို သတင်းထောက်တွေဆီ အတည်ပြု ပြောကြားခဲ့ပါတယ်။ မြန်မာ့ အကျပ်အတည်းဟာ တနှစ်လောက်အတွင်း အပြောင်းအလဲ ဖြစ်လာနိုင်စရာ မရှိသေးတာကို အားလုံးလည်း နားလည်ကြောင်း၊ အာဆီယံဟာ မြန်မာပြည်သူတွေကို စဉ်ဆက်မပြတ် ကူညီလိုတဲ့ စိတ်ပိုင်းဖြတ်မှုအပေါ် အခြေပြုပြီး လက်ရှိ၊ အတိတ်နဲ့ အနာဂတ် (လိုအပ်လာရင်) ဥက္ကဋ္ဌတွေ ပူးပေါင်းပြီး မြန်မာ့အရေးကို ဆွေးနွေးဖြေရှင်းမယ့် သုံးပွင့်ဆိုင် အစီအမံကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြောင်း ရတ်နိုက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ သုံးပွင့်ဆိုင် အစီအမံနဲ့ ပတ်သက်လို့တော့ ရတ်နိုက အကျယ်တဝင့် ရှင်းမပြခဲ့ပါဘူး။
သူက အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ရေးကို ထပ်လောင်း တောင်းဆိုလိုက်သလို အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ချက်က မြန်မာ့အရေးကို ကိုင်တွယ် ဖြေရှင်းရာမှာ လက်ရှိ အချိန်ထိ အကိုးကားသင့်ဆုံး စံသတ်မှတ်ချက်တွေအဖြစ် ဆုပ်ကိုင်ထားဆဲလို့လည်း ပြောပါတယ်။ တဖက်မှာလည်း အာဆီယံ နိုင်ငံခေါင်းဆောင်တွေဟာ အဲဒီ ဘုံသဘောတူညီမှု ၅ ချက်ကို အကောင်အထည် ဖော်နိုင်စွမ်းနဲ့ ပတ်သက်လို့ ပြန်လည် ဆန်းစစ်လေ့လာနေတယ်လို့ သူက ဆိုပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီမှုတွေကို အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေက လုံးဝ လိုက်နာမှု မရှိဘဲ မျက်ကွယ် ပြုထားတာကြောင့် အဲဒီ မူဝါဒတွေဟာ အလုပ်မဖြစ်ဘူးလို့ ကျယ်ကျယ်လောင်လောင် ဝေဖန် ခံနေရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက စစ်တပ် အာဏာသိမ်းခဲ့ပြီး နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် လူပေါင်း ထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အာဆီယံဟာ အာဏာသိမ်းမှုအပြီး ၂ လလောက် အကြာမှာတင် ဘုံသဘောတူညီမှု ၅ ချက်ကို သတ်မှတ် ကြေညာခဲ့ပေမယ့် မြန်မာစစ်တပ်က လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ့ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပေးဘဲ လက်ရှိ အချိန်ထိ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
Ref: CNA