မတူပီက စစ်ဆေးရေးဂိတ် ဝင်တိုက်ခံရလို့ စစ်ကောင်စီတပ်သား သုံးဦးဒဏ်ရာရ

စက်တင်ဘာ၊ ၅
 
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ ကားလမ်းမပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၃၀၄) တပ်ရဲ့ ဂိတ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲဲ့ -မတူပီ (CDF-Matupi) က စက်တင်ဘာလ ၄ ရက်၊ မနက် ၈ နာရီခွဲလောက်က သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
 
“ မတူပီကနေ ပလက်ဝ လမ်းပေါ်အထွက်ဖက် အဲမှာ မြို့ကျော်တာနဲ့ ၃၀၄ တပ်ကုန်းရှိတယ်။ အဲအနီးနားလေးမှာပဲ ကျနော်တို့ ထိတွေ့မှုဖြစ်တာပေါ့။ အဲဂိတ်မှာတော့ တပ်စိပ် ၃ စိပ်လောက်ပဲရှိတယ်။ ဒါပေမယ့် ဂိတ်နဲ့ စခန်းနဲ့က နီးတယ် လမ်းလျှောက်သွားရင် ရောက်တယ်။ သူတို့ စခန်းဂိတ်ပဲ ” လို့ အဲဒီအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံတဦးက DNA ကိုအတည်ပြုပြောပါတယ်။
 
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) က ထိန်းချူပ်နယ်မြေအတွင်း ပုံမှန်ကင်းလှည့်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် အခုလိုပဲ စစ်ကောင်စီတပ်ရဲ့ ခမရ (၃၀၄) တပ်၊ ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့လည်း သူကဆိုပါတယ်။
 
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေနဲ့ မိနစ် သုံးဆယ်လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကတော့ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တာ မျက်မြင်တွေ့ခဲ့ရတယ်လို့ သူကဆိုပါတယ်။
 
ခမရ (၃၀၄) တပ်ကို တိုက်ခိုက်ခံရပြီးနောက် မတူပီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေက လုံခြုံရေးကို တိုးမြှင့်ပြီး အရပ်သားတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
လက်ရှိမှာလည်း မတူပီမြို့ အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က မိုးတွင်းကာလ ဖြစ်နေတဲ့အတွက် စစ်ကြောင်းထိုးတာတွေကို ရပ်နားထားတယ်လို့ ချင်းကာကွယ်ရေးတပ် (မတူပီ) က အဖွဲ့ဝင်တဦးက ဆိုပါတယ်။
 
“ စကစဖက်ကနေ အရင်တုန်းကလို စစ်ကြောင်းထိုးတာတွေ ဒီမိုးတွင်းမှာ နားထားတယ်ပေါ့နော။ မရှိတော့ဘူး။ ကျနော်တို့ဖက်ကနေ စခန်းကို သွားပြီးတော့ ထိုးဖို့ကလည်း အဆင်မပြေဘူး။ အခုလောလောဆယ်တော့ စစ်ရေးခြေနေက ငြိမ်နေတယ်ပေါ့။ ဘာမှတော့ ထူးထူးခြားခြားမရှိဘူး မြို့ပေါ်ကျတော့ သူတို့ ထိန်းချူပ်နယ်မြေလို့ ပြောလိုရတာပေါ့နော်။ အဲဒီအထိတော့ ကျနော်တို့ လက်လှမ်းမမီသေးဘူး ” လို့ သူကဆိုပါတယ်။
 
ဓာတ်ပုံ – CDF-Matupi