မြဝတီက တပ်မိသားစုတွေနဲ့ အရပ်ဖက်ဝန်ထမ်းတွေ စွန့်ခွာဖို့ Federal Wings သတိပေး

စက်တင်ဘာ၊ ၅
 
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်နက်မကိုင်ထားတဲ့ တပ်မိသားစုဝင်တွေ၊ အရပ်ဘက်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေအနေနဲ့ သက်ဆိုင်ရာဌာနရုံး၊ ရုံးခန်းတွေနဲ့ ဝန်ထမ်းအိမ်ယာတွေကနေ စွန့်ခွာဖယ်ရှားပေးဖို့ကို Federal Wings အဖွဲ့က သတိပေးလိုက်ပါတယ်။
 
မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ငါးဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စက်တင်ဘာလ ၃ ရက် ဒရုန်းတိုက်ခိုက်မှုအပြီး နောက်တရက် မှာ Federal Wings ဒရုန်းတပ်ဖွဲ့ကနေ အခုလို သတိပေးစာ ထုတ်ပြန်လာတာပါ။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ Cobra စစ်ကြောင်း စီမံခန့်ခွဲမှု လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့ကနေ ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
ဒရုန်းတိုက်ခိုက်မှုတွေက တိကျမှု ရှိတာမှန်ပေမယ့် မလိုလားအပ်တဲ့ ဘေးထွက်ထိခိုက်မှုတွေက ရှောင်ရှားနိုင်ဖို့အတွက် မြဝတီမြို့မှာ နေထိုင်ကြသူတွေ စစ်ကောင်စီ တပ်စွဲထားတဲ့ ရုံး၊ တပ်စခန်းတွေနဲ့ ဝေးရာအရပ်ကို ရွှေ့ပြောင်း နေထိုင်ပေးကြဖို့ကို အထူးမေတ္တာရပ်ခံ သတိပေးထုတ်ပြန်ထားပါတယ်။
 
အဲဒီကြေညာချက်ထဲမှာ ဘယ်နေ့နောက်ဆုံးထားပြီး ပြောင်းရွှေ့ရမယ်၊ မရွှေ့ပြောင်းတဲ့သူတွေကို ဘယ်လို အရေးယူသွားမလဲ ဆိုတာကိုတော့ ထည့်သွင်းဖော်ပြတာ မရှိပေမယ့် တော်လှန်တိုက်ခိုက်ရာမှာ လက်နက်ကိုင်ထားသူတွေကိုသာ ထိခိုက်စေရန် ရည်ရွယ်ရင်းရှိတယ်လို့ ဆိုပါတယ်။
 
မြဝတီမြို့နေ ဒေသခံတဦးကတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို အတက်နိုင်ဆုံး သွားလာတာတွေ မပြုလုပ်ကြပေမယ့် တချို့ဌာနဆိုင်ရာနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းကိစ္စတွေကတော့ ပတ်သက်နေရတဲ့ အခြေအနေတွေ ရှိနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ အမှန်တိုင်းပြောရရင် ဒီအချိန်မှာ လူတိုင်းနီးပါး ရှောင်ကြပါတယ်။ အတက်နိုင်ဆုံးကို ရှောင်တယ်။ တချို့ကိစ္စတွေကတော့ သွားရလာရတာတော့ ရှိတာပေါ့။ ဥပမာ မှတ်ပုံတင်ရုံးတို့လိုမျိုးပေါ့ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်ခံ စစ်ဘက်နဲ့ အရပ်ဘက်ဌာနဆိုင်ရာ ရုံးအများစုရဲ့ အရှေ့ဘက်နဲ့ ဘေးပတ်ဝန်းကျင်တွေမှာ လုံခြုံရေး တင်းကြပ်ထားသလို အဲဒီအနီးအနားကနေလည်း ဖြတ်သန်းသွားလာတာမျိုး ပေးမလုပ်ကြဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် လက်နက်မကိုင်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေ၊ တပ်မိသားစုတွေ အနေနဲ့လည်း မိမိတို့ သက်ဆိုင်ရာဌာန ရုံးဌာနတွေ၊ ရုံးခန်းတွေနဲ့ ဝန်ထမ်းအိမ်ယာတွေကနေ စွန့်ခွာဖယ်ရှားပေးထားကြဖို့ကို သတိပေးထားပါတယ်။
 
ဒါ့ကြောင့် တချို့သော ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုတွေကဆိုရင် ဝန်ထမ်းအိမ်ယာကနေ ရွှေ့ပြောင်းကြဖို့ စီစဉ်နေကြတာတွေ ရှိတယ်လိုကလည်း မြဝတီမြို့က တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းမိသားစုတချို့က ပြောပါတယ်။
 
ဒါပေမယ့် ဝန်ထမ်းတွေရဲ့ သဘောဆန္ဒအရ အများစုက ချက်ချင်းထွက်ခွာချင်နေကြပေမယ့် အဲဒီဖြစ်စဉ်ကို သက်ဆိုင်ရာ ဌာနအကြီးအကဲတွေကို တင်ပြထားဆဲဖြစ်ပြီး ပြန်လည် အကြောင်းပြန်ကြားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
 
“ ဝန်ထမ်းတွေက ကိုယ့်သဘောနဲ့ကိုယ် ချက်ချင်းပြောင်းလို့ မရဘူးလေ။ လူကြီးတွေကို တင်ပြရတယ်။ အခုလည်း တင်ပြထားဆဲပဲ။ ဘာမှကို အကြောင်းမပြန်သေးတာ ” လို့ မြဝတီမြို့မှ Non CDM ဝန်ထမ်း တဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Federal Wings