လုပ်ခတိုးတောင်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေနဲ့ ကူညီပေးသူတွေ ပြန်လွတ်လာ

စက်တင်ဘာ၊ ၅
 
အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်တွေနဲ့ပတ်သက်လို့ တောင်းဆိုတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အလုပ်သမားတွေနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေကို စက်တင်ဘာ ၄ ရက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
အလုပ်သမားအခွင့်အရေး တောင်းဆိုခဲ့ကြတဲ့ အထည်ချုပ်စက်ရုံနှစ်ရုံက အလုပ်သမား ရှစ်ဦးနဲ့ ကူညီသူ လေးဦးတို့ကို ဆူပူဆန္ဒပြအောင် သွေးထိုးလှုံ့ဆော်လို့ဆိုပြီး စစ်ကောင်စီက ဇွန်လအတွင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
“ အားလုံး ပြန်လွတ်တယ်၊ ပြန်မလွတ်ခင်မှာ သူတို့ကို နောက်တကြိမ် အဲ့ဒီလိုထပ်လုပ်ရင် ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်သလို ပြောလိုက်သေးတယ် ” လို့ ပြန်လည်လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူတွေဟာ အကျဥ်းထောင်နဲ့ အချုပ်နှောင်ထဲ သုံးလနီးပါး ချုပ်နှောင်ထိန်းသိမ်းခံရပြီး ပြစ်မှုပုဒ်မတပ် တရားစွဲဆိုထားတာ မရှိဘဲ ပြန်လွတ်လာတာလို့လည်း သိရပါတယ်။
 
ဥပဒေကြောင်းအရ သူတို့ဟာ အရေးယူတရားစွဲဆိုထားတဲ့ ပြစ်မှု မယ်မယ်ရရရှိမနေဘဲ ချုပ်နှောင်ခံထားရတာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်သလို အလုပ်သမားတွေကို အဲဒီလို လုပ်လိုက်လို့ ရတယ်ဆိုတဲ့ ခြိမ်းခြောက်ပြမှု ဖြစ်တယ်လို့ အလုပ်သမားအရေး လူပ်ရှားသူတွေက ဆိုပါတယ်။
 
“ အခုကတော့ သူတို့အားလုံး အိမ်ပြန်ရောက်သွားကြပါပြီ၊ ပြန်လွတ်လာတဲ့အတွက်တော့ ဝမ်းသာတယ် ” လို့ Action Labour Rights အဖွဲ့ဝင်တဦးက ပြော​ပါတယ်။
 
ဟိုစိမ့် (မြန်မာ)အထည်ချုပ်စက်ရုံက အလုပ်သမား ငါးဦးနဲ့ Sun Apperal Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား နှစ်ဦးတို့ကို လုပ်ငန်းခွင်အတွင်း ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး ဇွန်လ ၁၄ ရက်နဲ့ ၁၇ ရက်တို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
 
ဒါ့အပြင် Action Labor Rights အလုပ်သမားအဖွဲ့ဝင်နှစ်ဦး၊ အထည်ချုပ်စက်ရုံက ဖြစ်ရပ်နဲ့ ဆက်စပ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တို့ကိုလည်း ဆူပူဆန္ဒပြမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး ထပ်မံဖမ်းဆီးခဲ့တာပါ။
 
အဲဒီဖမ်းဆီးခံရသူတွေကို ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်နေပြီး Action Labor Rights က တိမ်းရှောင်နေသူ နှစ်ဦးနဲ့ နောက်ကွယ်က သွေးထိုးလှုံ့ဆော်ဝါဒဖြန့်နေသူတွေကို ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့ စစ်ကောင်စီဘက်က ကနဦး သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
အခုလိုအလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတဲ့အပေါ် နိုင်ငံတကာရဲ့ဝေဖန်မှုတွေ ရှိလာတာကြောင့် စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက လုပ်ခနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကြောင့် ဖမ်းဆီးတာ မဟုတ်ဘဲ တခြားအကြောင်းကိစ္စတွေနဲ့ပတ်သက်လို့ စစ်ဆေးနေတာလို့ ပြန်လည်ထုတ်ပြန်ခဲ့ပါသေးတယ်။
အဲဒီအလုပ်သမားတွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်း လက်ထက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နှစ်လနီးပါးအကြာ လက်ရှိ စစ်ကောင်စီအလုပ်သမားဝန်ကြီးအသစ် ဦးမြင့်နောင် လက်ထက်မှာ ပြန်လွှတ်ပေးခဲ့တာပါ။
 
ပုံစာ – ဖမ်းဆီးခံ အလုပ်သမားတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့သတင်းဖော်ပြမှု။