စက်တင်ဘာ၊ ၅
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို နှောင့်ယှက် တားဆီးနေတဲ့ အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် ပိုမို တင်းမာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ အာဆီယံ အစည်းအဝေး တခုမှာ မလေးရှားက တိုက်တွန်းသွားပါတယ်။
အာဆီယံ ထိပ်သီးညီလာခံနဲ့ ဆက်စပ်ပြီး အဖွဲ့ဝင် သံတမန် အရာရှိတွေ တွေ့ဆုံတဲ့ စက်တင်ဘာ ၄ ရက် ဆွေးနွေးပွဲမှာ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံအလိုက် သဘောထား အမြင်ဖလှယ် ဆွေးနွေးခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဇမ်ဘရီ အက်ဘဒူ ကာဒါရာက ပြောပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ မလေးရှားက မြန်မာစစ်တပ်အပေါ် ပိုမိုတင်းမာပြီး ထိရောက်တဲ့ အရေးယူမှုတွေ မရှိသ၍ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေးကိစ္စက တိုးတက်မှာ မဟုတ်ဘူးဆိုတာ အတိအလင်း သဘောထား မှတ်ချက် ပေးခဲ့တယ်လို့ ဇမ်ဘရီက ဆိုပါတယ်။ မလေးရှားနဲ့အတူ တချို့ အာဆီယံ နိုင်ငံတွေကလည်း တသဘောတည်း ထောက်ခံ ရပ်တည်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ ဇမ်ဘရီက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်မပြောခဲ့ပါဘူး။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံမှာ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေဟာ အာဆီယံရဲ့ သမိုင်းကြောင်းတလျှောက် ခေါင်းအခဲရဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။ အာဆီယံထဲမှာလည်း စစ်တပ်အပေါ် တင်းမာလိုတဲ့ နိုင်ငံတွေနဲ့ စစ်တပ်ကို ညှိနှိုင်းလိုတဲ့ နိုင်ငံတွေဆိုပြီး နှစ်စုကွဲနေပါသေးတယ်။
ဇမ်ဘရီကတော့ အာဆီယံဟာ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ကူညီဖြေရှင်းပေးဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေတွေ တိုးတက်မှု ရှိမလာဘဲ ဖြစ်နေတာဟာ စစ်ဗိုလ်ချုပ်တွေ တမင်တကာ ဖန်တီးနေတဲ့ အတားအဆီး အနှောင့်အယှက်တွေကြောင့်လို့ အတိအလင်း ဝေဖန်သွားပါတယ်။
မလေးရှား အစိုးရဆီက အခုလို တင်းတင်းမာမာ သဘောထားမျိုး ထုတ်ပြောလာတာဟာ အတော်လေး ရှားပါးတဲ့ အခြေအနေမျိုးလို့ သတ်မှတ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်ပြီးတဲ့နောက် လပိုင်းလောက်အကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံဟာ မြန်မာ့အရေး ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို သတ်မှတ်ပေးခဲ့ပေမယ့် စစ်ဗိုလ်ချုပ်တွေက လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေခြင်းကြောင့် ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်ကို မဖိတ်ခေါ်ဘဲ ချန်လှပ်ဖို့ အာဆီယံက ဆုံးဖြတ်ထားပါတယ်။
Ref: CNA