အပြုသဘောဆန်တဲ့ ဆွေးနွေးမှုနဲ့သာ မြန်မာ့ ပြဿနာကို အဖြေရှာဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်သစ် တိုက်တွန်း

စက်တင်ဘာ၊ ၅

မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်ပေးဖို့ ကမ္ဘောဒီးယား နိုင်ငံက လိုလားကြောင်း ဝန်ကြီးချုပ်သစ် ဟွန်မာနတ်က ပြောပါတယ်။ 

ဖခင်ဖြစ်သူ ဟွန်ဆန်းဆီက နိုင်ငံခေါင်းဆောင် အရိုက်အရာကို ဆက်ခံခဲ့တဲ့ ဟွန်မာနတ်ဟာ သူ့ရဲ့ နိုင်ငံတကာ သံတမန်ရေးရာ ပွဲဦးထွက် ခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အရေးအကြီးဆုံး ဆွေးနွေးမှု ခေါင်းစဉ်တခု ဖြစ်လာဖွယ် ရှိပါတယ်။

စက်တင်ဘာ ၄ ရက်က ဂျကာတာမှာ အာဆီယံ အတွင်းရေးမှူးချုပ် ခေါင်ကင်ဟွမ်က ဖိတ်ကြားတဲ့ မြန်မာ့အရေး အမြင်ဖလှယ် ဆွေးနွေးမှု အစီအစဉ်ကို ဟွန်မာနတ်က တက်ရောက်ခဲ့ချိန်မှာ အခုလို ပြောခဲ့တာပါ။ သူက မြန်မာ့ ပြဿနာဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကိစ္စ တခုလို့လည်း ဆိုပါတယ်။

ဟွန်မာနတ်က အာဆီယံဟာ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကိုပဲ လက်ကိုင်ထားသင့်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို အင်အားသုံး စွက်ဖက်တာတွေ မလုပ်သင့်ကြောင်း မှတ်ချက် ပေးခဲ့သလို ဒေသတွင်း ပထဝီဝင် နိုင်ငံရေး အခြေအနေတွေ အရမ်းတင်းမာလာနိုင်တာကိုလည်း ထောက်ပြသွားပါတယ်။

ဟွမ်မာနတ်ရဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းဟာလည်း အာဏာသိမ်း မြန်မာ စစ်တပ်အပေါ် လိုလားထောက်ခံမှုတွေ ပီပီပြင်ပြင် ပြသခဲ့ဖူးသလို အခုလည်း သားဖြစ်သူက အာဆီယံ ပိုမို တင်းတင်းမာမာ ဖိအားပေးလာနိုင်တဲ့ အခြေအနေတွေ ဖြစ်မလာအောင် မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဖေးမလိုတဲ့ သဘောထား မှတ်ချက်မျိုး ပြောဆိုသွားတာလည်း ဖြစ်ပါတယ်။

 

Ref: Jakarta Post