မြဝတီတိုက်ခိုက်ခံရမှု ဒရုန်းလာတဲ့ လမ်းကြောင်းလို့ ယူဆပြီး လက်ခတ်တောင်ကို ဗုံးကြဲ

စက်တင်ဘာ၊ ၄

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ  ဒရုန်းလာရာလမ်းကြောင်းလို့ ယူဆတဲ့ လက်ခတ်တောင်ကုန်းစခန်း ကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ အေကဲန်ယူတာဝန်ရှိသူတွေထံမှ သိရပါတယ်။

“ မနေ့ကချက်ချင်းတုံ့ပြန်မှုကလက်နက်ကြီးဖြစ်ပြီး ဒီနေ့မွန်းလွဲ ၂ နာရီခန့်လောက်မှာ ဂျက်ဖိုက်တာ နဲ့ သုံး ကြိမ် လာပစ်ခတ် ဗုံးကြဲသွားကြောင်းအောက်ခြေကပြောပါတယ်၊ လက်နက်ကြီးနဲ့ပစ်တာတော့အလုံးရေ သုံးဆယ် လောက်ရှိတယ်။” လို့ ကေအဲန်ယူ တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ စောလစ္စတန်က DNA ကို ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်ခတ်တောင်ပေါ်ရှိ ဘုရားကျောင်းဆောင် သုံးခု ထိခိုက် ပျက်စီးခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ တဦးမျှ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဆိုပါတယ်။

မြဝတီမြို့နဲ့ ခုနှစ်မိုင်အကွာ ထိုင်း-မြန်မာနယ်စပ်အနားက စစ်ရေးအရ အရေးပါတဲ့ လက်ခတ်တောင်စခန်းကို ဇူလိုင်လ ၂၁ ရက်က KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေပေမယ့် မအောင်မြင်သေးပါဘူး။

မြဝတီမြို့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး နေအိမ်တို့ကို မနေ့က ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ငါးဦး သေဆုံးကာ ဆယ်ဦးလောက် ဒဏ်ရာရခဲ့ကြတာပါ။

ဒါအပြင် လက်ရှိမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေကို အဓိကထားပြီး ရမ်းသမ်းပစ်ခတ်မှုသာ ရှိနေပြီး စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်မှု မရှိသေးတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

 “ဘယ်လောက်ထိ လုပ်မလဲတော့ မသိဘူးလေတုံ့ပြန်မှုက။  အခုကတော့ သတိနဲ့ အထူးသတိနဲ့ နေရပါတယ်။ ပြင်ဆင်ပြီးတော့ နေနေရတဲ့ အကြောင်းကို ကျွန်တော့်ကို အကြောင်းပြန်တယ်” လို့ ပြောရေးဆိုခွင့်ရှိသူ စောလစ္စတန်က ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၃ ရက် ၊ညနေ ၆ နာရီခန့်မှာ မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရမှုကြောင့် မြဝတီခရိုင် ရဲရုံးအစည်းအဝေးခန်းမနဲ့ ခရိုင်ရဲမှူးနေအိမ်ဘေးတွေမှာ တလုံးစီကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ည ၇ နာရီခွဲခန့်မှာ တပ်ရင်းမှူးအပါအဝင်  ဌာနဆိုင်ရာအကြီးအကဲနဲ့ ဌာနဆိုင်ရာ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းကျရောက် ပေါက်ကွဲခဲ့တဲ့နေရာကို လာစစ်ဆေးနေချိန် ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရမှုကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ရတ ခလရမှ ၂၇၅ ယာယီရင်းမှူး အောင်ကျော်မင်း၊ ရဲအုပ် နေလင်းစိုး၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်းနဲ့ အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင် သေဆုံးသွားခဲ့သလို ဆယ်ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယရဲမှူးကြီး အောင်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း၊ ရဲဒုတက မျိုးမင်းသော်၊ ဒုရဲမှူး ထွန်းထွန်းနိုင်နဲ့ ဒုရဲအုပ် သက်တို့ငါးဦးဟာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့သလို ကျန်တဲ့ လုံခြုံရေတပ်ဖွဲ့ဝင်တွေအပါအဝင် ဝန်ထမ်း ခြောက်ဦးကတော့ ထိခိုဒဏ်ရာတွေ ရရှိခဲ့ တယ်လို့ KNU က ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲက အရာရှိတချို့ဟာ ထိုင်းနိုင်ငံ၊မဲဆောက်မြို့က ဆေးရုံတခုမှာ ဆေးကုသမှု တွေခံယူနေရပြီး ကျန်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ ဝန်ထမ်းတချို့ကတော့ မြဝတီဆေးရုံနဲ့ စစ်ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတယ်လို့ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်သူက DNA ကို ဖြေဆိုထားပါတယ်။

ကေအဲန်ယူ တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ စောလစ္စတန်ကတော့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်းမှာ စစ်ကောင်စီဘက်က အထိနာခဲ့တဲ့အတွက် ခုလို လက်ခတ်တောင်ဝန်းကျင် တခုလုံးကို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလက်ခတ်တောင်ဝန်းကျင်ကို အဲဒီကပဲ ဗျူဟာခင်းတယ်လို့ပဲ ယူဆမယ်ထင်တယ်။ကျွန်တော်တို့က အဲဒီလိုပဲ ခန့်မှန်းတယ်။ အဲဒီအပေါ် မှာ အန္တရာယ်ပေးတဲ့ ဘယ်ကနေလာတာ အရင်းအမြစ်ကို လိုက်ပုံရတယ်။ အဲဒီအပေါ်မှာ တုံ့ပြန်တယ်လို့ ကျွန်တော်က ယူဆပါတယ်ခင်ဗျ” လို့ ပြောပါတယ်။