နျူကလီးယား ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု ပုံစံတူ လေ့ကျင့်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

စက်တင်ဘာ၊ ၄

ရန်သူကို နျူကလီးယား ဒုံးကျည်တွေနဲ့ တိုက်ခိုက်တဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေး ပုံစံတခုကို လက်တွေ့ လေ့ကျင့် အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာပါတယ်။

အစိုးရပိုင် KCNA သတင်းဌာနက မြောက်ကိုရီးယား စစ်တပ်ဟာ တာဝေးပစ် ပဲ့ထိန်း ဒုံးကျည် နှစ်စင်းကို လက်တွေ့ ပစ်ခတ်ပြီး အဲဒီ လေ့ကျင့်မှုကို အကောင်အထည် ဖော်ခဲ့ကြောင်း စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ နျူကလီးယား စစ်ပွဲနဲ့သာ ကြုံလာရင် အသင့်ရှိနေစေဖို့ မြောက်ကိုရီးယားက ကြိုတင် ပြင်ဆင်ထားတဲ့ အစီအမံ တစ်ခုဖြစ်ပြီး ရန်သူတွေကို သတိပေးထားပြီး ဖြစ်စေတယ်လို့လည်း KCNAက ဆိုပါတယ်။

စက်တင်ဘာ ၂ ရက်မှာ မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးအတုတွေ တပ်ဆင်ထားတဲ့ တာဝေးပစ် ပဲ့ထိန်း ခရုစ်ဒုံးကျည် နှစ်စင်းကို ကိုရီးယားကျွန်းဆွယ် အနောက်ဖက် ပင်လယ်ပြင်ဆီ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒုံးကျည်တွေဟာ အမြင့် မီတာ ၁၅၀ လောက်ကနေ ခပ်နိမ့်နိမ့် ပျံသန်းရင်း ကီလိုမီတာ ၁၅၀၀ ထိ ခရီးပေါက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဖို့အတွက် နိုင်ငံရဲ့ နျူကလီးယား ကာကွယ်ရေး စွမ်းရည်ကို အစွမ်းကုန် မြှင့်တင်မယ်လို့လည်း ကြွေးကြော်ထားပါတယ်။

အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ နျူကလီးယား တိုက်ခိုက်မှု သရုပ်တူ စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ပူဂျောင် စစ်ဘက်ယန္တရား စမ်းသပ်ရေးဇုန်မှာ လာရောက် စောင့်ကြည့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး နှစ်စဉ် ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကြီးအပြီး ရက်ပိုင်း အကြာမှာ မြောက်ကိုရီးယားက အခုလိုမျိုး နျူကလီးယား စစ်ဆင်ရေး ပုံစံတူတခု လက်တွေ့ လေ့ကျင့်ပြခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေအတွင်း မြောက်ကိုရီးယားကို ခြိမ်းခြောက် အင်အားပြတဲ့ အနေနဲ့ B-1B မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးတွေကိုပါ ပျံသန်းစေခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်တုန်းကလည်း ကင်ဟာ မြောက်ကိုရီးယား အရှေ့ဖက် ကမ်းရိုးတန်း ဒေသကို ကိုယ်တိုင် သွားရောက်ပြီး စစ်သင်္ဘော တစီးကနေ ခရုစ်ဒုံးကျည် ပစ်ခတ်တဲ့ လက်တွေ့ စမ်းသပ်မှုူကို ကိုယ်တိုင် ကြီးမှူးခဲ့ကြောင်း သိရပါတယ်။

 

Ref: Reuters