စက်တင်ဘာ၊ ၄
စစ်ပွဲမှာ ပြုန်းတီးအင်အား များပြားလွန်းတာကို ကာမိစေဖို့အတွက် ရုရှားဟာ အိမ်နီးချင်း နိုင်ငံငယ်တွေကနေ တပ်သားသစ်တွေ စုဆောင်းနိုင်ရေး ပစ်မှတ်ထား ကြိုးစားလာနေကြောင်း သိရပါတယ်။
ဗြိတိန် စစ်ထောက်လှမ်ရေး ဌာနက စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ရုရှားက အာရှအလယ်ပိုင်း နိုင်ငံတွေဆီကနေ စစ်သားသစ်တွေ စုဆောင်းနိုင်ရေး သွေးဆောင်နေတဲ့ အစီအစဉ်တွေကို ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ကာဇက်စတန်နဲ့ အာမေးနီးယားတို့လို နိုင်ငံတွေက အွန်လိုင်း အလုပ်ခေါ်ယူမှုတွေမှာ စစ်မှုထမ်းဖို့အတွက် အခြေခံလစာ ဒေါ်လာ ၂၀၀၀ နီးပါး ခံစားခွင့် ရှိစေမယ်လို့ မက်လုံးပေးနေကြောင်း ဗြိတိန် စစ်ထောက်လှမ်းရေးက ပြောပါတယ်။ နောက်ပြီး ရုရှားစစ်တပ်ဟာ ကာဇက်စတန် မြောက်ပိုင်း၊ ကိုစတာနီ အရပ်မှာ နေထိုင်တဲ့ ရုရှားအနွယ်တွေကို အဓိက ပစ်မှတ်ထား စည်းရုံးနေဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ရုရှားဟာ အခုနှစ် မေလကစလို့ အလယ်ပိုင်း အာရှ နိုင်ငံတွေမှာ ပျံ့နှံ့ ရောက်ရှိနေတဲ့ ရုရှားအနွယ်တွေကို စစ်မှုထမ်းချင်လာအောင် သွေးဆောင်မှုတွေ အရှိန်မြှင့်လာနေကြောင်း သိရပါတယ်။
ဒါ့အပြင် မာရူပိုလ် မြို့ထဲကို ရောက်ရှိလာတဲ့ ဥဇဘက်ကစ္စတန်အနွယ် ဆောက်လုပ်ရေး လုပ်သားတွေဟာ ပတ်စ်ပို့တ်တွေ သိမ်းဆည်း ခံခဲ့ရပြီး ရုရှားစစ်တပ်ထဲမှာ အတင်းအကျပ် အမှုထမ်းဖို့ ခိုင်းစေ ခံနေရတယ်လို့လည်း ဆိုပါတယ်။ ရုရှားမှာ အာရှ အလယ်ပိုင်း နိုင်ငံတွေကနေ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းအခြေချလာသူ ၆ သန်းလောက် ရှိနေပြီး အခုအခါ ရုရှား အစိုးရက အဲဒီ လူ့အဖွဲ့အစည်းကို တပ်သားသစ်တွေ ထုတ်နုတ် စုဆောင်းယူနိုင်မယ့် အရင်းအမြစ် အနေနဲ့ ရှုမြင်လာနေတယ်လို့လည်း ဆိုပါတယ်။
သမ္မတ ဗလာဒီမာပူတင်ရဲ့ အမိန့်နဲ့ ဆင်နွှဲခဲ့တဲ့ ယူကရိန်း စစ်ပွဲမှာ ရုရှားဟာ မျှော်မှန်းထားသလို ပြတ်သားတဲ့ အောင်မြင်မှုမျိုး မရခဲ့တဲ့အပြင် အခုဆိုရင် စစ်သည်အင်အား ပြုန်းတီးမှု ပြဿနာကို ဆိုးဆိုးရွားရွား ကြုံနေရပါတယ်။ ပြီးတော့ ရုရှားနိုင်ငံသား အရန်တပ်တွေကို ရှေ့တန်းပို့ခဲ့တဲ့ ကိစ္စကလည်း ပြည်သူလူထုဆီက ခါးခါးသီးသီး တုံ့ပြန်မှုတွေ ရရှိခဲ့ပြီးတဲ့နောက် ရုရှား စစ်တပ်ဟာ တပ်ဖွဲ့ဝင်တွေ ပြန်ဖြည့်တင်းဖို့ ရွေးချယ်စရာ ပိုမို ခေါင်းပါး ကျပ်တည်းလာခဲ့ပါတယ်။
နောက်ဆက်တွဲ အနေနဲ့ ရုရှားရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ အိမ်နီးချင်း အရှေ့အလယ်ပိုင်း နိုင်ငံတွေက ရုရှားအနွယ်တွေဟာ စစ်မှုထမ်းအဖြစ် ဆန္ဒအလျောက်ဖြစ်စေ၊ အဓမ္မဖြစ်စေ သိမ်းသွင်းခံရမှုတွေ ပိုမို ကြုံလာရနိုင်ကြောင်း ဗြိတိန် စစ်ထောက်လှမ်းရေးက သတိပေး ပြောကြားထားပါတယ်။
Ref: Guardian