ငါန်းဇွန်မှာ ပျူစောထီးအဖွဲ့ဝင် သုံးဦး ပစ်ခတ်ခံရလို့ သေဆုံး

စက်တင်ဘာ၊ ၃
 
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်လက်အောက်ခံ အရပ်သားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ပျူစောထီးသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးစဉ် ခုခံဖို့လုပ်တဲ့အတွက် ပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
 
” သူတို့ကို ဝင်ပြီးဖမ်းတဲ့ချိန်မှာ သူတို့က လက်ပစ်ဗုံးနဲ့ပစ်ဖို့ လုပ်တယ်။ ဓားနဲ့ခုတ်ဖို့ လုပ်တယ်။ အဲ့ဒါကြောင့် ပစ်ခတ်ရင်း သေသွားတာပါ ” လို့ ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ)တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
သေဆုံးသူ သုံးဦးမှာ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာက အသက်သုံးဆယ်ခန့်အရွယ်တွေရှိကြတဲ့ ကိုမိုးမိုး၊ ကိုရွှေညောင် နဲ့ အမည်မသိ အမျိုးသားတဦး စုစုပေါင်း သုံးဦး ဖြစ်ကြပြီး လက်ပစ်ဗုံးတလုံး၊ ဓားမတလက်၊ လေးခွတလက် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
 
အဲဒီအမျိုးသားသုံးဦးဟာ စက်တင်ဘာလ ၂ ရက်၊ ည ၇ နာရီခန့်မှာ သန့်ဇင်ကုန်းရွာ အရှေ့ဖက် အရက်ဆိုင်မှာ အရက်သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ဖမ်းဆီးချိန် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
 
ပျူစောထီး ခေါင်းဆောင် ကိုမိုးမိုး ဆိုသူဟာ သန့်ဇင်ကုန်းကျေးရွာက အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းရဲ့ ညီအရင်းဖြစ်ပြီး ကျေးရွာဒေသခံတွေအပေါ် နိုင့်ထက်စီးနင်း ဆက်ဆံသလို ဓားပြမှုတွေပါ ကျူးလွန်းထာသူ ဖြစ်တာကြောင့် အခုလိုပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
 
“ သူတို့တွေက ပျူတွေဖြစ်တယ်။ နောက်ပြည်သူတွေ အပေါ်မှာလည်း နိုင့်ထက်စီးနင်း လုပ်တာတွေ ရှိတယ်။ ဓားပြမှုတွေအထိ ဒါလုပ်ထားတာတွေ ရှိတယ် ” လို့ ငါန်းဇွန်ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
 
အဲဒီပစ်ခတ်မှုကို ငါန်းဇွန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ TGYR-Youth Guerrilla Counter Revolution –NZ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
 
ဓာတ်ပုံ – ငါန်းဇွန်ပကဖ