စက်တင်ဘာ ၊ ၃
မကွေးတိုင်း၊ မြိုင်မြို့အတွင်းရှိ ရဲစခန်းအပါအဝင် နေရာငါးခုကိုစက်တင်ဘာလ ၂ ရက်၊ မနက် ၈ နာရီကျော်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ် အင်အားတိုးချဲ့နေသလို ခံစစ်အသွင်ပြင်ဆင်နေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
“မနေ့ကလည်းသူတို့ အစည်းအဝေးတွေလုပ်တယ်ပေါ့နော်။ မြို့ပေါ်ကို ကာစစ်ပုံစံမျိုး လုပ်မယ်လို့ မနေ့အစည်းအဝေးမှာ ပြောတယ်ဗျာ။ ဒါကကျနော်တို့ ပြန်သိရတာပေါ့နော် ” လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ဗိုလ် Cross ကဆိုပါတယ်။
‘’မနေ့က ကျနော်တို့ တိုက်ခိုက်ပြီး ညပိုင်းမှာ အယောက် ငါးဆယ်လောက်နဲ့ စစ်ကြောင်းနဲ့ဝင်လာတယ် ။ ဒီကနေ့လည်း မြိုင်ကို ကားလမ်းတွေက လာနေတယ်ကြားတယ်’’ လို့ ဖြည့်စွက်ပြောကြားပါတယ်။
အရင်က မြိုင်မြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက ၄၀ မမ လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပြောက်ကြားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်တာတွေရှိပေမယ့် အင်အားအလုံးအရင်းနဲ့ အခုလိုပေါ်တင်ဝင်တိုက်ခိုက်တာကတော့ ပထမဆုံးပဲလို့ သူက ဆိုပါတယ်။
ဒေသကာကွယ်ရေးတပ်တွေဟာ မြိုင်မြို့ပေါ်ရှိ ကိုးဆောင်ဂိတ်(မြိုင်-ဗဟင်လမ်းအထွက်)၊ ဘူတာရုံ၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနဲ့ အမှတ်(၃) ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူး ဦးတင်မောင်သန်း နေအိမ်တို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပေမယ့် အသေးစိပ်ကိုတော့ စုံစမ်းဆဲသာဖြစ်ပြီး နာရီဝက်ကျော် အကြာတိုက်ပွဲမှာ တော်လှန်ရေးအဖွဲ့တွေက အသာစီးယူပြီး ပတ်ခတ်နိုင်ခဲ့တယ်လို့ ဗိုလ် Cross ကဆိုပါတယ်။
“သူတို့ဖက်က ထိခိုက်မှုတော့ရှိနိုင်တယ် ။ဘာလို့လည်းဆိုတော့ ကိုးဆောင်ဂိတ်ကို ပစ်တာက အနီးကပ်၊ ကိုယ့်ဖက်က စပစ်တာဆိုတော့သူတို့ ထိတာရှိတယ် ။ကျနော်တို့ဖက်က ထိခိုက်တာမရှိဘူး ” လို့ သူကဆိုပါတယ်။
ဒါအပြင် တိုက်ပွဲမှာ Non-CDM ကျောင်းဆရာမ ရှစ်ဦးနဲ့ ကျောင်းဆရာ တဦးကို ဖမ်းဆီးရမိခဲ့ပေမယ့် CDM မှာပူးပေါင်းပါဝင်ကြဖို့ နဲ့စစ်ကောင်စီရဲ့ အုပ်ချူပ်ရေးယန္တယားက မြိုင်မြို့ပေါ်မှာ တဖြည်းဖြည်းနဲ့ပြိုလဲနေတဲ့အကြောင်းတွေ ရှင်းပြခဲ့ပြီး ကတိခံဝန်နဲ့ ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးကတော့ မြိုင်မြို့နယ်ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် အလက(၃) ကျောင်းက ဆရာ၊ဆရာမ ကိုးဦး ဖမ်းဆီးခံခဲ့ပေမယ့်လုံခြုံရေး ပူးပေါင်းအဖွဲ့တွေက နယ်မြေလုံခြုံရေး ဆောင်ရွက်မှုကြောင့် ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမြိုင်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ အုပ်ချူပ်ရေးယန္တယားလည်ပတ်နိုင်ခြင်းသိပ်မရှိတော့သလို ဆေးရုံနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပေမယ့်လည်း လူအနည်းစုသာ အသုံးပြုနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ ဆေးရုံက ဖွင့်တယ်ဆိုပေမယ့် ရွာကလူတွေက အဲဒီမှာသွားမပြကြတော့ဘူး ဘာလို့လည်းဆိုတော့ မြို့ပေါ်တက်ရင် အဖမ်းခံရတာနဲ့ ငွေညစ်ခံရတာနဲ့ဆိုတော့ မသွားကြတော့တာပေါ့။ စာသင်ကျောင်းကတော့ ဖွင့်ထားသေးတယ်။ မြို့ပေါ်က ကလေးတွေ လောက်ပဲသင်နေကြတယ် ” လို့ ဒေသခံတဦးကဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)တပ်ရင်း၂၊တပ်ခွဲ၁နဲ့ တပ်ခွဲ၃၊ မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)တပ်ရင်း၁၊တပ်၃နဲ့ တပ်ခွဲ၄|Earthquake people`s defence force၊ Salingyi Special Task Force(Sstf) နဲ့ GOEပြောက်ကျားတပ်တို့က ပူးပေါင်းတိုက်ခိ်ုက်ခဲ့တာပါ။
‘’ပြည်သူတွေကိုလည်း အားမလျော့စေချင်ဘူး။ မြိုု့အပေါ်တွေအထိ ကျနော်တို့ တိုက်ခိုက်နိုင်တယ်ဆိုတာကို သိစေချင်တယ်’’ လို့ မြိုင်(ပကဖ)တာဝန်ခံ ဗိုလ် Cross က ပြောပါတယ်။