စစ်တိုင်းမှူးအပြောင်းအလဲဖြစ်ပြီးနောက် မန္တလေးမှာတလအတွင်း အရပ်သား ၆၀ နီးပါး ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၃

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမန္တလေးမြို့မှာ အရပ်သားပြည်သူ ၅၆ ဦးဖမ်းဆီးခံရပြီး  ကျပ်သိန်းသောင်းချီတန်တဲ့ပြည်သူပိုင်နေအိမ်လေးလုံးချိပ်ပိတ်ခံလိုက်ရတယ်လို့ဒေသခံတွေနဲ့မန္တလေးသပိတ်အင်အားစုတွေကပြောပါတယ်။

 ဖမ်းဆီးခံရမှုအနေနဲ့ ချမ်းအေးသာဇံမြို့မှာ ၁၀၁၀ ဦး၊ အောင်မြေသာစံမြို့နယ်မှ ၂၄ ဦး၊ မဟာအောင်မြေမြို့နယ်မှ ၁၉ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၃ ဦး စသဖြင့် မြို့နယ် လေးခုမှာ အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၅၆ ဦးကို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်တဦးက ဆိုပါတယ်။

 ဒီစာရင်းတွေဟာ မြေပြင်မှာ လက်လှမ်းမီသလောက် စုစည်းထားတာဖြစ်တဲ့အတွက် အရေအတွက်က အခုထက်လည်းပိုနိုင်တယ်လို့ လည်း သူကဆက်ပြောပါတယ်။

 ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ မန္တလေးမှာ စစ်တိုင်းမှူးတချို့ရာထူးအပြောင်းအလဲဖြစ်ခဲ့ပြီးနောက် မန္တလေးမြို့တွင်းအခုလိုတင်းကျပ်တဲ့ဖမ်းဆီးမှုတွေဖြစ်လာတာလို့လည်း မြို့ခံတော်လှန်ရေးအင်အားစုတွေကသုံးသပ်ကြပါတယ်။

 “ စစ်တိုင်းမှုးအသစ် ရောက်ရောက်ချင်း သူရဲ့သြဇာပြချင်တဲ့သဘောနဲ့ နယ်မြေအပေါ်ဖိချင်တဲ့ သဘောလို့ ယူဆရပါတယ်။ ဒါကြောင့်သူပါဝါကို ပြလာပြီး အခုလိုဖမ်းဆီးနေတဲ့သဘောဖြစ်နိုင်တယ်’’ လို့

သပိတ်အင်အားစုက လူငယ်ကပြောပါတယ်။

 အရပ်သားဖမ်းဆီးခံရမှုတွေအပြင် သြဂုတ်လ ဒုတိယပတ်လောက်မှာတော့ နေအိမ်ချိပ်ပိတ်ခံရမှုတွေပါ ဆက်ဖြစ်လာတယ်လို့လည်း မြေပြင်သတင်းတွေအရသိရပါတယ်။

“ အများဆုံးကတော့ နေအိမ်တွေကို ဝင်ရောက်စီးနင်းပြီးတော့ ဖမ်းဆီးခဲ့တာပါဗျ။ တချို့တလေ ကျတော့လည်း လမ်းပေါ်မှာ ဖမ်းဆီးခံရတာဗျ။ တော်လှန်ရေးနဲ့ ပက်သက်တဲ့သူတွေလည်း ပါကောင်းပါနိုင်တယ် အတိအကျတော့ပြောလိုမရဘူးပေါ့ ” လို့ သပိတ်အင်အားစုကလူငယ်ကဆိုပါတယ်။

အခုလို တလအတွင်း ပြည်သူ ၅၀ ကျော်ဖမ်းဆီးခံရတာဟာ စစ်တိုင်းမှူးအပြောင်းအလဲနဲ့ ရှစ်လေးလုံး အထိမ်းအမှတ်တွေလုပ်ခဲ့တဲ့ အတွက် မန္တလေးမြို့ပေါ်ကို ပိုမိုဖိနှိပ်ပြတဲ့သဘောလို့ သူကသုံးသပ်ပါတယ်။

မန္တလေးမြို့ နန်းတွင်းထဲမှာ အခြေစိုက်ထားတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် -လပခ တိုင်းမှူးဗိုလ်ချူပ်ကိုကိုဦးဟာ သြဂုတ်လအတွင်းက ကစထ(၁) အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးမြင့်ခံခဲ့ရတာပါ။

ဒါကြောင့် ဗိုလ်ချူပ်အဆင့်ရောက်သွားတဲ့ကိုကိုဦးဟာ ကစထ(၁) ရဲ့လက်အောက်မှာတဆင့် အလယ်ပိုင်းတိုင်းနဲ့ မကွေးတိုင်းတောင်ပိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချူပ် – နမခ ၊မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် -မပခ (စစ်ကိုင်း၊မကွေး၊ကချင်)တို့ကို ကိုင်တွယ်ဖို့ တာဝန်ပေးခံရတာပါ။ 

လက်ရှိ မန္တလေးမှာတော့ နတခ (ပုသိမ်) တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်ကို (မန္တလေး) တိုင်းမှူး အဖြစ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မန္တလေးမြို့ပေါ်မှာ အင်တာနက်စာမျက်နှာတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်နဲ့ တစ်တော့ လို့လူမူကွန်ယက်တွေမှာ အာဏသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ပက်သက်ပြီး ဝေဖန်တာ အပြစ်တင်တဲ့သူတွေကို နေအိမ်တွေ အထိလိုက်လံဖမ်းဆီးတာတွေတက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ သူတို့ကို လိုင်းပေါ်မှာ အပြစ်ပြောတယ်ဆိုရင် စစ်ကောင်စီ တယ်လီဂရမ်တွေက တဆင့်ဖမ်းခိုင်းတယ် ။ သူတို့ဆီမှာပါလာတယ်ဆိုရင် လိုက်ဖမ်းတာပေါ့။ တချို့ကျတော့လည်း ငွေညှစ်ပြီး ပြန်လွတ်ပေးလိုက်တာရှိသလို တချိုု့ကျတော့လည်း တရားစွဲဆိုတာတွေလည်း လုပ်တတ်တယ် ” လို့ ချမ်းမြသာစည်မြို့နယ် အတွင်းက ကုမ္ပဏီဝန်ထမ်းတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီက မန္တလေးမြို့ပေါ်ရှိ CDM ဆရာဝန်တွေ ကိုအလုပ်ခန့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဂ္ဂိုလ်ကဆေးရုံတွေကို သုံးလပိတ်ခိုင်းတာတွေ အပြင် CDM ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးပြီး နေအိမ်ချိတ်ပိတ်တာတွေကို လုပ်ဆောင်ခဲ့တာပါ။

“ ဒီလို ဖိနှိပ်ပြနေလို့ တော်လှန်ရေးက လျော့မသွားပါဘူး လူထုအနေနဲ့ တက်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးမှာ ပါဝင်ပေးကြပါ။ စစ်ကောင်စီထုတ်ကုန်တွေကို မသုံးစွဲသပိတ်မှောက်ခြင်းဖြင့် ဘဏ္ဍာရေးတိုက်ပွဲမျက်နှာစာမှာ အားဖြည့်ကြပါ ” လို့ မန္တလေးသပိတ်အင်းအားစုက အဖွဲ့ဝင်တဦးက တိုက်တွန်းထားပါတယ်။