အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပို့နိုင်တဲ့ ပမာဏကိုစစ်ကောင်စီက လျှော့ချသတ်မှတ်

စက်တင်ဘာ ၊ ၂

နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ စစ်ကောင်စီက ထောင်ဝင်စာပို့ခွင့်ကို ကန့်သတ်လိုက်တဲ့အတွက် အကျဉ်း သားတွေ စားသောက်ရေး အခက်အခဲဖြစ်လာကြတယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းနဲ့ အကျဉ်းထောင် နဲ့နီးစပ်သူတွေကပြောကြပါတယ်။

“နှစ်ပတ်တခါပို့ရတာ၊ ပြီးခဲ့အခေါက်က အဲလိုမကန့်သတ်ထားသေးဘူး၊ဒီအပတ်ကစပြီး ကန့်သတ်လိုက်တာ၊ တော် တော်ဆိုးဆိုး ဝါးဝါးပဲ”လို့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့မိသားစုဝင်တဦးက DNAကိုပြောပါတယ်။

ထောင်ဝင်စာပို့ခွင့်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းကစတင် ကန့်သတ်လိုက်တဲ့အကျဉ်းထောင်တွေ ရှိသလို တချို့အကျဉ်းထောင် တွေကတော့ ဩဂုတ်လကုန်ပိုင်းကမှ စတင်ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ သိရ ပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်အရ  သစ်သီးဆိုရင် သင်္ဘောသီးတလုံး၊ငှက်ပျောသီးတဖီး၊လိမ္မော်သီးဆယ်လုံး စတာတွေထဲက တမျိုးတည်းသာ ပို့ခွင့်ရမှာဖြစ်သလို မုန့်ဆိုရင်လည်း ၂၅ကျပ်သားဝန်းကျင် ကိတ်ခြောက် ၊မုန့် ကျွတ်၊ဘီစကစ်တမျိုးသာလက်ခံမှာဖြစ်ပါတယ်။

ဒါ့အပြင် ငါး၊ဝက်သား၊ကြက်သား၊ဆိတ်သားစတဲ့ အသားကြော်တွေထဲက တမျိုးတည်းကိုသာ ၅၀ကျပ်သား လောက် ပို့ခွင့်ရမှာဖြစ်သလို အသင့်စားခေါက်ဆွဲခြောက် ၅ထုတ်၊ ကော်ဖီမစ် ၇ ထုပ်၊ သွားတိုက်ဆေး၊ သွားတိုက် တံ၊ကိုယ်တိုက်ဆပ်ပြာ တခုစီသာပို့ရမယ်လို့ စစ်ကောင်စီကသတ်မှတ်ထားပါတယ်။

ဆေးဝါးတွေကိုလည်း ဆေးလက်မှတ်ထောက်ခံချက်နဲ့မှ ပို့ခွင့်ရမှာဖြစ်သလို အကျဉ်းထောင် ဆရာဝန်ဆီ အပ်နှံ ထားရမှာဖြစ်ကာ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ သုံးစွဲရမယ်လို့ ဆိုပါတယ်။

“ဒုက္ခရောက်တာပေါ့၊ အဖေက အသက်ကြီးပြီးလေ၊ စားသောက်ရေးအတွက် အရမ်းကို ဒုက္ခရောက်တာပေါ့” လို့ နိုင်ငံရေး အကျဉ်းသားတဦးရဲ့ မိသားဝင်တဦးကပြောပါတယ်။

တဖက်မှာလည်း အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက အကျဉ်းသားတွေ အ တွက် နယ်ဝေးကနေ ပုဂ္ဂလိက အမြန်ချောပို့လုပ်ငန်းနဲ့ ထောင်ဝင်စာပို့တာကို လက်မခံတော့ဘဲ မိသားစုဝင် တဦး ဦးက ကိုယ်တိုင်လာပို့မှ လက်ခံတဲ့အတွက် နယ်ဝေးအကျဉ်းသားတွေအတွက် ပိုပြီး အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“နယ်ဝေးက အကျဉ်းသားတွေ အ တွက်ကျတော့ ထောင်ဝင်စာကလည်း လက်မခံ၊ မိသားစုကိုယ်တိုင်လာမှ ရ မယ်ဆိုတော့ သူတို့မှာ စားသောက်ဖို့ က တခြားသူတွေထက် အများကြီး ဒုက္ခရောက်တယ်၊ တချို့ကျတော့ လာ ပါတယ်၊ ပစ္စည်းတွေ အများကြီးယူလာတာပေါ့၊ ဒီမှာမှ လက်မခံတော့ ပြန်သယ်သွားရတာ၊မနေ့ကဆို ကျွန်မ ကိုယ် တိုင်ကြုံခဲ့ရတာ” လို့ အဲဒီအကျဉ်း သားမိသားစုဝင်က ပြောပါတယ်။

အကျဉ်းထောင်တွေကအခုလို ထောင်ဝင်စာကန့်သတ်လိုက်တဲ့အတွက် အိမ်ကနေ လာပို့ထားတဲ့ အစားအသောက် တွေကို အကျဉ်းသားတွေအချင်းချင်း ဝေစားမျှစားပုံစံနဲ့ ဖြတ်သန်းနေရပေမယ့် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာ မှာကိုလည်း အကျဉ်းသားတွေရဲ့မိသားစုတွေက စိတ်ပူနေကြပါတယ်။

အကျဉ်းထောင်တွေမှာ ဝန်ထမ်းတွေကရောင်းချတဲ့ ဈေးသက်သာဆိုင်တွေရှိပေမယ့် အဲဒီဆိုင်တွေမှာ မတန်တဆ ဈေးကြီးပေးဝယ်ရသလို အစားအသောက်တွေကို ဖြစ်သလို ချက်ပြုတ်ထားတာကြောင့် အဆင်မပြေဘူးလို့ ပြန် လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။

“အထဲမှာ ရှိတဲ့ သူတွေ အခုလို ထပ်ပြီး ကန့်သတ်လိုက်တာ တော်တော်ကို အဆင်မပြေဖြစ်မှာ၊ အကိုတို့တုန်းက တောင်အဲ့လောက် မကန့်သတ် သေးတဲ့အချိန်မှာ ခက်ခဲနေကြသေးတာ” လို့ သူကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာ သိမ်းချိန် ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အထိ နိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရတဲ့သူ ၂၄၆၃၂ ဦးရှိပြီး အဲဒီထဲက ၁၉၈၄၆ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်ကာ (၇၂၅၄)ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန် ထားပါတယ်။