အင်းတော် ဒေသခံအရပ်သား သုံးဆယ်ကျော်ကို စစ်ကောင်စီကဖမ်းခေါ်သွား

စက်တင်ဘာ ၊ ၂

စစ်ကိုင်းတိုင်း အင်းတော်မြို့တောင်ဘက် ကျေးရွာတွေမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံ အရပ်သား သုံးဆယ်ကျော်လောက်ကို မနေ့က မနက်ပိုင်းမှာ  စစ်ကောင်စီတပ်တွေက သူတို့ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို သယ်ပေးဖို့ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဝန်းသိုတပ်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီး အင်အား ၈၀ ကျော်လောက်ဟာ မနေ့က မနက်ပိုင်းက အင်းတော်မြို့တောင်ဖက် ကမ်းနီရွာ၊ နတ်မဟုတ်ကြီး၊ ဟင်းနှရွာဖက်က ဒေသခံတွေကို ဖမ်းဆီးခဲ့တာလို့ သိရ ပါတယ်။

“ အမျိုးသားတွေကော အမျိုးသမီးတွေကောပါတယ်၊အဲဒီရွာတွေက မျစ်ချိုးတဲ့သူတွေ နောက်ဒီချိန်က မိုး ပဲ စိုက်ကြတော့ လယ်ထဲမှာ နွားစားရိတ်တဲ့သူတွေကို ဖမ်းခေါ်ခဲ့တာပေါ့၊အခုထိတော့ တယောက်မှ ပြန်မလွတ် လာသေးပါဘူး ”လို့ အင်းတော် ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတဲ့ ဒေသခံတွေရဲ့ နာမည်၊ အသက်အရွယ်အပိုင်းအခြားတွေနဲ့ ပက်သက်ပြီး အ သေးစိတ်မသိရသေးပေမယ့် စစ်ကောင်စီတပ်က သူတို့ကို လမ်းတလျှောက် အထုပ်တွေထမ်းခိုင်းပြီး လူသားဒိုင်း အဖြစ်ဖမ်းသွားတာဖြစ်တယ်လို့ဒေသခံတွေက ဆိုကြပါတယ်။

“အရင်တုန်းက သူတို့ဖားကန့်ကဆင်းလာတော့လည်း အင်းတော်ကို ခြေလျင်ဖြတ်ပြီး ဝန်သိုကိုသွားတယ်၊အခု တ ခေါက်ပြန်တက်တာကလည်း သူတို့အရင်လာတဲ့လမ်းအတိုင်း ဖားကန့်ဘက်တက်ဖို့လုပ်နေတာပေါ့၊ လမ်းတ လျှောက်မှာ အထုပ်ထမ်းခိုင်းဖို့နဲ့ သူတို့တိုက်ခိုက်ခံရမှာစိုးတဲ့အတွက် ပြည်သူကို အကာအကွယ်ယူတဲ့သဘောပါ ”  လို့ အင်းတော် ဒေသခံကဆိုပါတယ်။

လက်ရှိမှာအင်းတော်မြို့ရဲ့ အဓိကမြို့အဝင် အထက်သုံးနေရာလောက်ကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ် ဆေးတာတွေ ပြုလုပ်နေသလို အသက် ၂၀ အရွယ်လူငယ်တွေကို စစ်ဆေးစဉ် ဖုန်းနဲ့ မှတ်ပုံတင်ကို အဓိကထား စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အင်းတော်မြို့အဝင် စစ်ဆေးရေး ဂိတ်တွေမှာ သြဂုတ်လ ၃၀ ရက်ကနေ ဒီကနေ့အထိ လူငယ်ငါးဦးဖမ်းဆီးခံခဲ့ရပြီး နှစ်ဦးကိုငွေကြေးနဲ့ ပြန်လည်ရွေးထုတ်စေခဲ့ကာ ကျန်သုံးဦးကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသ ခံတဦးကပြောပါတယ်။