NCAဟာ ပျက်ပြယ်မှုမရှိ တည်ရှိနေမယ့်စာချုပ်လို့ စစ်ခေါင်းဆောင်ပြော

စက်တင်ဘာ ၊ ၂

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေး အင် အားစုတွေနဲ့ စစ်ကောင်စီတို့ နိုင်ငံတဝန်းမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် NCA စာချုပ်ဟာ ဘယ်တော့မှပျက်ပြယ် သွားမယ့်စာချုပ်မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ်။

NCA ဟာ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး ဘယ်လိုအချိန်မှာမှ ပျက် ပြယ်မှုမရှိ တည်ရှိနေမယ့်စာချုပ်ဖြစ်တယ်လို့ သူကဆိုပါတယ်။

မနေ့ကလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အဲ့ဒီလိုပြောခဲ့တာပါ။ဒါ့အပြင် အာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်သွားပြီးလိုက်နာဖို့မလိုတော့ဘူးလို့ ပြောခဲ့တဲ့ KNU ခေါင်းဆောင်တဦးကို လည်း  စစ်ခေါင်းဆောင်က နာမည်မတပ်ဘဲ ဝေဖန်ခဲ့ပါသေးတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူတဦးက NCA နဲ့ပတ်သက်ပြီး အထောက်အ ထားမဲ့၊ အဓိပ္ပါယ်မဲ့ လက်လွတ်စပယ်ပြောဆိုခဲ့တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝေဖန်ပါတယ်။

NCA စာချုပ်ပါ အခြေခံမူတွေကိုဖောက်ဖျက်ပြီး  အာဏာသိမ်းလိုက်ခြင်းဖြင့် စစ်တပ်က NCA ကိုဖျက်ဆီးလိုက် တာကြောင့် လိုက်နာဖို့မလိုတော့ဘဲ ပျက်ပြယ်သွားပြီလို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ဩဂုတ်လ ၁၀ရက်က KNU သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

“NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း (၁)အခြေခံမူကို နင်းခြေဖျက်ဆီးလိုက်တာကစစ်တပ်ဖြစ်ပါတယ်၊အဲ့ဒီ နှလုံးသား ကို ဖျက်ဆီးလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ပါဘူး” လို့ သူကပြောခဲ့တာပါ။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ သူတို့အနေနဲ့ NCA စာချုပ်အပေါ် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်သလိုလာမယ့် အောက်တိုဘာ ၁၅ရက်မှာ ကျရောက်မယ့် NCA နှစ်ပတ်လည်နေ့ကိုလည်း အလေးအနက်ထား စီစဉ်ကျင်းပသွားမယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA)ကို ၂၀၁၅ခုနှစ် ဦးသိန်းစိန်အစိုးရ လက် ထက်မှာ ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် NCA စာချုပ်ပျက်ပြယ်ပြီလို့ လက်မှတ်ရေး ထိုးထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ကထုတ်ပြောလာပြီး လက်ရှိစစ်ကောင်စီနဲ့တိုက်ပွဲတွေ လည်းဖြစ်နေပါတယ်။

NCA လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိမှာတော်လှန်ရေး အင်အားစုအဖြစ် စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတဲ့အထိ ကရင်အမျိုးသားအစည်းအရုံးKNU၊ ချင်းအမျိုးသားတပ်ဦး CNF/CAN၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး  ABSDF စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်ပါတယ်။

ပြီးခဲ့တဲ့အစိုးရနှစ်ဆက်မှာ NCA လက်မှတ်ထိုးခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဆယ်ဖွဲ့အထိရှိပေမယ့် လက်ရှိမှာ NCA အတိုင်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ တပေါင်းတည်းဆက်လုပ်နေတဲ့အဖွဲ့ငါးဖွဲ့သာရှိနေပါတယ်။

ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ ရှမ်းလက်နက်ကိုင်တပ် RCSS ကတော့ စစ်ကောင်စီနဲ့ သီးခြားဆွေးနွေးမှုတွေလုပ်နေပြီး  မွန်ပြည်သစ်ပါတီ MNSP ကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတာမရှိပေမယ့်၂၀၂၂ခုနှစ် မေလနောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုလည်း  ရပ်ဆိုင်းထားပါတယ်။

နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှင်းတာက အကောင်းဆုံးဖြစ်တယ်လို့ယုံကြည် လက်ခံထား ပေမယ့် လက်ရှိနိုင်ငံအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနေတာကြောင့် နိုင်ငံ ရေးဆွေးနွေးမှုကတဆင့် ပဋိပက္ခတွေကိုဖြေရှင်းလို့မရနိုင်သေးဘူးလို့ ဩဂုတ် ၃၁ရက်ကကျရောက်တဲ့ မွန်တော် လှန်ရေးနေ့မှာ မွန်ပြည်သစ်ပါတီကထုတ်ပြန်ထားပါတယ်။