သမ္မတအိမ်တော်ကို စီးနင်းတဲ့ ဆန္ဒပြသူတွေကို စန္ဒရားတီးပြခဲ့တဲ့ သီရိလင်္ကာ ရဲအရာရှိ အလုပ်ထုတ်ခံရ

စက်တင်ဘာ ၊ ၂

သမ္မတ အိမ်တော်ထဲ ဝင်ရောက် စီးနင်းခဲ့တဲ့ ဆန္ဒပြသူတွေကို စန္ဒရားတီးပြီး ဖျော်ဖြေခဲ့တဲ့ သီရိလင်္ကာ ရဲအရာရှိ တဦးဟာ ရာထူးက ထုတ်ပယ် ခံလိုက်ရကြောင်း သိရပါတယ်။

မနှစ်တုန်းက အာရှတောင်ပိုင်း ကျွန်းနိုင်ငံမှာ စီးပွားရေး အခြေအနေတွေ ဆိုးဆိုးရွားရွား ကျပ်တည်းလာတာကြောင့် ပြည်သူတွေက ဆက်သည်းမခံနိုင်တော့ဘဲ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာကို အတိအလင်း ပုန်ကန် တော်လှန်ခဲ့ကြပါတယ်။ အကျိုးဆက် အနေနဲ့ ရာဂျာပက်ဆာဟာ သီရိလင်္ကာကနေ ထွက်ပြေးသွားရပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကလည်း သမ္မတ အိမ်တော်ကိုပါ ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။

အဲဒီတုန်းက ရဲအရာရှိ အာရ်အမ်ဒီ ဒါရာရက်တီဟာ ကိုလိုနီခေတ် အဆောက်အအုံဟောင်း တခုဖြစ်တဲ့ သမ္မတ အိမ်တော်ကို ဆန္ဒပြသူတွေရဲ့ လက်ထဲ မကျရောက်အောင် ကာကွယ်ဖို့ လုံခြုံရေးတာဝန် ပေးအပ် ခံထားရသူပါ။ လက်တွေ့ကျတော့ သူဟာ ဆန္ဒပြသူတွေနဲ့အတူ အိမ်တော်ထဲ လိုက်ဝင်သွားပြီး အထဲမှာရှိတဲ့ စန္ဒရား တလုံးကို ဟန်ကျပန်ကျ တီးခတ်ပြီး ဖျော်ဖြေပေးနေခဲ့ပါတယ်။

သူ့ရဲ့ စန္ဒရား တီးနေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့သွားပြီး လူသိများခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒါရာရက်တီရဲ့ လုပ်ရပ်ဟာ အဖွဲ့အစည်းက ပေးအပ်တဲ့ တာဝန်ကို ချိုးဖောက်ရာ ကျနေတယ်လို့ ယူဆပြီး အခုအခါမှာ သူ့ကို ရာထူးက တရားဝင် ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရောမမြို့ကြီး မီးလောင်နေချိန် တယောထိုးနေခဲ့တယ်ဆိုတဲ့ နီရိုးဘုရင်လိုမျိုး ဒါရာရက်တီက ပြုမူခဲ့ကြောင်း၊ သမ္မတ အိမ်တော်ကို ကျူးကျော်ပြီး ဖျက်လိုဖျက်ဆီးတွေ လုပ်နေတာကို သူက မတားဘဲ ကိုယ်တိုင် စန္ဒရား ဝင်တီးနေခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဒါရာရက်တီဟာ မနှစ်ကတည်းက ရာထူးတာဝန်က ဆိုင်းငံ့ခံခဲ့ရပြီး စည်းကမ်းပိုင်းဆိုင်ရာ ကာလရှည်ကြာ စုံစမ်းစစ်ဆေးမှုတွေကို ဖြတ်သန်းခဲ့တဲ့နောက် အခုအခါ အလုပ်ထုတ် ခံလိုက်ရတာ ဖြစ်ပါတယ်။

မနှစ်တုန်းက သမ္မတ အိမ်တော်ထဲ ဆန္ဒပြသူတွေ စီးနင်းခဲ့ပြီး ရေကူးကန်ထဲ ရေဆင်းကူးကြ၊ Selfieတွေ ဓာတ်ပုံရိုက်ကြနဲ့ ဝရုန်းသုန်းကား ဖြစ်နေပုံတွေဟာ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အတော်လေး ရေပန်းစားခဲ့ဖူးပါတယ်။

သီရိလင်္ကာဟာ ကပ်ရောဂါ နောက်ဆက်တွဲ အခြေအနေတွေနဲ့ အစိုးရရဲ့ အဂတိ ထူပြောမှု၊ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် အကြွေးလည်ပင်းနစ်ပြီး စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ အဆမတန် ရှားပါးပြတ်လပ်တဲ့ အခြေအနေထိ ကြုံသွားရာက လူထု အုံကြွ ပုန်ကန်မှုကြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။