ယူကရိန်းရဲ့ နိုင်ငံတောင်ပိုင်း စစ်ဆင်ရေးတွေ အခြေအနေ တိုးတက်နေတယ်လို့ အမေရိကန် မှတ်ချက်ပေး

စက်တင်ဘာ ၊ ၂

နိုင်ငံတောင်ပိုင်း စစ်မြေပြင်က ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်တွေဟာ သိသိသာသာ အခြေအနေ ကောင်းနေတယ်လို့ အမေရိကန်က အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

 ဇွန်လမှာ ယူကရိန်းက ရုရှားတပ်တွေကို တန်ပြန်ထိုးစစ် စတင်ပြီလို့ ကြေညာခဲ့တဲ့နောက် ရလဒ်ပိုင်းအရ တိုးတက်မှု နှေးကွေးနေတဲ့အပေါ်​ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ အခြေအနေ အရတော့ နိုင်ငံတောင်ပိုင်း စစ်ဆင်ရေးတွေမှာ ယူကရိန်း တပ်တွေဟာ ရုရှားရဲ့ ခိုင်မာအားကောင်းလှတဲ့ ခံစစ်တွေကို ချိုးဖောက်ပြီး ထင်သာမြင်သာ တိုးတက်မှုတွေ ရနေပြီလို့ အမေရိကန် အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက မှတ်ချက် ပေးခဲ့ပါတယ်။

 အထူးသဖြင့် ဇာပိုရစ်ဇီရာ ဒေသမှာ အခုသီတင်းပတ်နှောင်းပိုင်းအတွင်း ယူကရိန်းတပ်တွေ သိသိသာသာ အခြေအနေ ကောင်းခဲ့ကြောင်း ကာဘီက ဆိုပါတယ်။ အစောပိုင်းမှာ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမစ်ထရို ကူလီဘာက ယူကရိန်းတပ်တွေ ဆက်တိုက် ရှေ့တိုး ချီတက်နေနိုင်တာကို အတည်ပြုခဲ့ပေမယ့် တိုက်ပွဲတွေက ခက်ထန်လွန်းတယ်လို့ CNNနဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။

 တချိန်တည်းမှာပဲ ရုရှားကလည်း သူတို့ဟာ ယူကရိန်း အရှေ့မြောက်ပိုင်းကို တုံ့ပြန် ထိုးစစ်ဆင်နေပြီး ကူပင့်စ်ခ်မြို့အနားမှာ မဟာဗျူဟာ အသာစီး အခြေအနေတွေကို ပိုင်ဆိုင်နေပြီလို့ ကြေညာခဲ့ပါတယ်။ ယူကရိန်းကတော့ ရုရှားရဲ့ ထုတ်ပြန်ချက်ကို ပယ်ချထားပါတယ်။

 ယူကရိန်း တပ်တွေဟာ တောင်ပိုင်းမှာ ရုရှား ထိန်းချုပ်ထားရာ နယ်မြေတွေကို နှစ်ခြမ်းခွဲဖို့ ကြိုးစားနေတဲ့ ချီတက်မှုဟာ တိုးတက်နေတဲ့တိုင် မျှော်လင့်ထားတာထက်တော့ နှေးကွေးနေတယ်လို့ ကာဘီက ဝန်ခံပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ရှေ့ဆုံး ခံတပ်စည်းကို ချိုးဖောက်ပြီး ဒုတိယ ခံစစ်စည်းက တိုက်ပွဲတွေမှာလည်း ယူကရိန်းက အောင်မြင်မှုတချို့ စတင် ရရှိနေပြီလို့ သူက ဆိုပါတယ်။

 တန်ပြန်တိုက်စစ်ရဲ့ အခြေအနေက မျှော်လင့်ထားတာထက် တိုးတက်မှု နှေးကွေးနေတဲ့နောက် ယူကရိန်း အစိုးရဟာ အနောက်မဟာမိတ် NATO အဖွဲ့ဝင် နိုင်ငံတွေဆီကနေ တင့်ကားတွေ၊ မိုင်းရှင်း စက်ယန္တရားတွေနဲ့ အမေရိကန်လုပ် F-16တွေ အပါအဝင် တိုက်လေယာဉ်တွေ ပိုမိုထောက်ပံ့ ပေးပို့ကြဖို့လည်း အပူတပြင်း တောင်းဆိုထားပါတယ်။