ကန့်ဘလူမှာ စစ်ကောင်စီတပ်က ဒေသခံအမျိုးသားသုံးဦးကို သတ်ဖြတ်

စက်တင်ဘာ၊ ၁
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သရက်ခေါင်းရွာကို စစ်ကြောင်းထိုးတပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်က ဒေသခံအမျိုးသားသုံးဦးကို သတ်ဖြတ်သွားတယ်လို့ ကန့်ဘလူ၊ ကျွန်းလှ မြေပြင်အခြေအနေတွေ ဖော်ပြပေးနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
 
ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲက သရက်ခေါင်းရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၃၀ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့တာပါ။
 
အဲဒီလို စစ်ကြောင်းဝင်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်းက စစ်ကြောင်းနဲ့ တိုးသွားတဲ့ အင်တောပေါက် တဲတိုက်က ဒေသခံအမျိုးသားသုံးဦး သတ်ဖြတ်ခံလိုက်ရတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
သတ်ဖြတ်ခံရသူတွေဟာ အင်တောပေါက်တဲတိုက်မှာ နေထိုင်တဲ့ အသက် (၆၀) အရွယ် ဦးကံထွန်း၊ ဖလံချိုင်ရွာက အသက် (၂၅) နှစ်အရွယ် ကိုကောင်းမြတ်နဲ့ ရင်ခတ်ကုန်းရွာက အသက် (၁၉)နှစ်အရွယ် မောင်ရဲမင်း တို့ ဖြစ်တယ်လို့ သိရပါတယ်။
 
“ ဦးကံထွန်း ကိုက လက်ပြန်ကြိုးတုပ် ပစ်သတ်ပြီး ရေထဲချထားတာ၊ ကောင်းမြတ်ကလည်း အင်တောပေါက် တဲတိုက်မှာပဲ စစ်​ရှောင်ရင်း စစ်ကြောင်းနဲ့တိုးလို့ သတ်ခံလိုက်ရတာ၊ ရဲမင်းက သူတို့ရွာ ရင်ခတ်ကုန်းထိပ်မှာပဲ စစ်ရှောင်ရင်း ကင်းပုန်းနဲ့တိုးတာ ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ သရက်ခေါင်းရွာက ပြည်သူပိုင် နေအိမ်ငါးလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သူကပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဟာ မနေ့ကညနေပိုင်းမှာတော့ သရက်ခေါင်းရွာကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထန်းကုန်းရွာနဲ့ ရာမနေရွာ တွေကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ စစ်ကြောင်းနဲ့ဝေးတဲ့ ကျေးရွာတချို့က ဒေသခံတွေ ရွာထဲပြန်ဝင်နေကြပေမယ့် စစ်ကြောင်းနဲ့နီးတဲ့ ကျေးရွာတွေက ဒေသခံအများအပြား ဆက်လက်တိမ်းရှောင်နေရတာကြောင့် အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများ