နေပြည်တော်မှာ အာဆီယံ လေတပ်အကြီးအကဲတွေ ညီလာခံ ကျင်းပဖို့ စီစဉ်နေတာကို Justice for Myanmar ကန့်ကွက်

စက်တင်ဘာ၊ ၁

အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေတပ် အကြီးအကဲတွေ နေပြည်တော်မှာ ညီလာခံတခု ကျင်းပဖို့ အာဆီယံက စီစဉ်နေကြောင်း Justice for Myanmarက ဖော်ထုတ်လိုက်ပါတယ်။

မြန်မာ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Justice for Myanmarက အာဆီယံ အနေနဲ့ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့ထိ ကျင်းပဖို့ လျာထားတဲ့ ညီလာခံကို ပယ်ဖျက်ဖို့ တောင်းဆိုလိုက်ပြီး အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေနဲ့ အာဆီယံက တိုက်ရိုက် ဆက်ဆံမှုတွေ ဆက်လက် ထိန်းသိမ်းထားတာကိုလည်း အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ အထူးသဖြင့် လေတပ်ဟာ အရပ်သား ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုကြီးတွေရဲ့ အဓိက လက်သည်အဖြစ် ကမ္ဘာသိ နာမည်ဆိုး ထွက်နေချိန်မှာ အာဆီယံရဲ့ အခုလို အစီအစဉ်မျိုးက အကြီးအကျယ် စိတ်ပျက်စရာ ဖြစ်လာပါတယ်။

အာဆီယံရဲ့ လေကြောင်း အကြီးအကဲများ ညီလာခံ (AACC)အတွက် လက်ရှိ အချိန်မှာ မြန်မာစစ်တပ်ရဲ့ လေတပ် စစ်ဦးစီးဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်က အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ လက်ရှိ ရာထူးကို လက်ခံ ရရှိခဲ့ချိန် ကတည်းက နိုင်ငံအနှံ့ စစ်ဘက် အရပ်ဖက် မခွဲခြားဘဲ ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ရာဇဝတ်ကောင် တဦးအဖြစ် သတ်မှတ်နိုင်ကြောင်း Justice for Myanmarက ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ထွန်းအောင် တိုက်ရိုက် ဆက်နွှယ် ပတ်သက်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအကြောင်း သက်သေ အထောက်အထားတွေက အင်မတန် ခိုင်ခိုင်မာမာ ရှိနှင့်နေပြီးသားလို့ Justice for Myanmarက ထောက်ပြပါတယ်။ သူတာဝန်ခဲ့တဲ့တဲ့ ကာလတွေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း လေတပ်ဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၉၃၀ လောက်ကို ဆင်နွှဲခဲ့ပြီး လူ ၁၀၀၀ ဝန်းကျင်လောက် သေဆုံးစေခဲ့ပါတယ်။

သူ့ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့ လေတပ်ဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေကိုပါ မငဲ့ဘဲ အရပ်သား ပစ်မှတ်တွေကိုပါ တိုက်ခိုက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်တုန်းက စစ်ကိုင်းတိုင်း ဒေသကြီးမှာရှိတဲ့ ပဇီကြီး ကျေးရွာ ဗုံးကြဲခံရမှုမှာ ကလေး ၄၀ အပါအဝင် အရပ်သားပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖျော်ဖြေပွဲတခု ကျင်းပနေတုန်း လေတပ်က ပစ်မှတ်ထား ဗုံးကြဲလို့ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာလည်း ဗိုလ်ချုပ်ကြီး ထွန်းအောင်က နံပါတ်တစ် တာဝန်အရှိဆုံး သမိုင်းတရားခံ ဖြစ်လာပါတယ်။

အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ ပဇီကြီးရွာ လူသတ်ပွဲလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချခဲ့ဖူးပေမယ့် အခုကျတော့ အဓိက လက်သည် တရားခံကို အသိအမှတ်ပြုတဲ့ ချဉ်းကပ်မှုမျိုးဆီ ဦးတည်ပြနေတယ်လို့ Justice for Myanmarက စွပ်စွဲထားပါတယ်။

ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ လတ်တလောမှာ အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂနဲ့ ကနေဒါတို့ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ခံထားရပါတယ်။

အာဆီယံဟာ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို AACCရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်မှာ သဘောတူညီခဲ့ပြီး စည်းမျဉ်းတွေအရ သူဦးဆောင်ပြီး အာဆီယံ လေတပ် အကြီးအကဲတွေကို ညီလာခံ ခေါ်ယူခွင့် ရစေခဲ့ပါတယ်။ ဒါဟာ အာဆီယံက အာဏာသိမ်း စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို သိထားလျက်နဲ့ သွယ်ဝိုက်ပြီး အားပေးအားမြှောက်လုပ်ရာ ရောက်နေတယ်လို့လည်း Justice for Myanmarက ထောက်ပြသွားပါတယ်။

Justice for Myanmarက အာဆီယံရဲ့ လက်ရှိ လုပ်ရပ်တွေဟာ ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရင်း တရားဝင် အဖွဲ့အစည်း တခုလို အသိအမှတ်ပြု ဆက်ဆံပြနေတယ်ဆိုတာ ငြင်းလို့မရကြောင်း ပြောပါတယ်။ အင်ဒိုနီးရှား အစိုးရ အနေနဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ပီပီပြင်ပြင်၊ အကျိုးသင့် အကြောင်းသင့် ရပ်တည်ပြီး နေပြည်တော်မှာ အာဆီယံ လေတပ် စစ်ဦးစီးတွေရဲ့ ညီလာခံ ကျင်းပမှုကို တားဆီး ပိတ်ပင်ပေးဖို့လည်း Justice for Myanmarက အပူတပြင်း တောင်းဆိုသွားခဲ့ပါတယ်။

 

Ref: JfM