ကသာမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ်သား ကိုးဦးသေ၊ ဆယ်ဦးကျော် ဒဏ်ရာရ

စက်တင်ဘာ၊ ၁
 
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာတွေအနီးနားမှာ ပြီးခဲ့တဲ့လ ၂၉ ရက်ကနေ ၃၁ ရက်အထိ သုံးရက်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
“ ကသာကနေ ဗန်းမော်ကို သင်္ဘောနဲ့ သွားတဲ့အဖွဲ့ ပြန်လာချိန်မှာ ဖြစ်ကြတာပေါ့နော်။ သူတို့က ငအိုး (၁၂၁) တပ်က လာတာဆိုတော့ အဲဒီကို ပြန်တဲ့ လမ်းတလျှောက်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။ မိုင်းဆွဲတိုက်ခိုက်တာ ရှိသလို သွားရောက်ပစ်ခတ်တိုက်ခိုက်တာလည်း ရှိခဲ့တယ် ” လို့ ကသာမြို့ ပြည်သူကာကွယ်ရေး (KPDF) တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
 
သြဂုတ်လ ၂၉ ရက်က ကသာမြို့၊ ဘန့်ပွေးကုန်းရွာ ကတဆင့် အင်းဒရန်ရွာ မှာဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ကသာမြို့၊ ပြည်သူကာကွယ်ရေး တပ်ရင်း (၁၂) အဖွဲ့ဝင်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
 
အဲဒီတိုက်ပွဲမှာ ကသာမြို့ပေါ်က စစ်ကောင်စီတပ်တွေက ကသာကျောက်တိုင်ကွင်းကနေ အင်းဒရန့်ရွာဖက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ကူညီခဲ့တယ်လို့ သူကဆိုပါတယ်။
 
ဒါ့အပြင် သြဂုတ် ၃၀ ရက်မှာလည်း အင်းဒရန့်ရွာကနေ ငအိုးဖက်ကို ပြန်လည်ထွက်ခွာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIAနဲ့ KPDF ပူးပေါင်းအဖွဲ့တွေနဲ့ ထပ်မံထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ၃၁ ရက်နေ့မှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သူကဆိုပါတယ်။
 
“ မနေ့က တိုက်ပွဲမဖြစ်ဘူး။ မိုင်းဆွဲတာခံရတယ်။ အခုသူတို့ ငအိုးဖက်ကို ပြန်ဝင်သွားတယ် သိရတယ်။ ဒီကနေ့ မနက်ကလည်း ကသာမြို့ရဲ့ အကျဉ်းထောင်နားကနေ လက်နက်ကြီးတွေ ဆင်ပြီး ထင်ရာမြင်ရာတွေ လျှောက်ပစ်နေတယ်။ ဧရာဝတီမြစ်ကနေ မော်တော်တွေ ချောဆွဲပြီး ဒဏ်ရာရတဲ့ကောင်တွေကို ကသာမြို့ပေါ် သယ်ချင်လို့ သူတို့ အခုလို ပစ်ခတ်နေတာပါ ” လို့ သူကဆိုပါတယ်။
 
လက်တလောမှာတော့ တိုက်ပွဲတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျောက်ထုံးကြီး၊ ရေနီ အထက်သဖန်းတောင်၊ ဘန်ပွေကုန်း၊ အင်းဒရန့်၊ ကြက်ဖြူကုန်းနဲ့ ကုလားရွှေ စတဲ့ကျေးရွာတွေက ဒေသခံ ထောင်ကျော်လောက်ဟာ နီးစပ်ရာ ကျေးရွာတွေကို စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာတွေဖြစ်တဲ့ အင်းဒရန့် ၊ ဘန်ပွေးကုန်း စတဲ့ ကျေးရွာတွေက နေအိမ် ဆယ်လုံးကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့ရပြီး ကျွဲ၊ နွားသေဆုံးတာလည်း ရှိခဲ့ပါတယ်။
 
ဓာတ်ပုံ – CJ