G20 ညီလာခံကို ပူတင်အပြင် ရှီပါ မတက်ဖြစ်ဖို့ အလားအလာများနေ

စက်တင်ဘာ၊ ၁

ရုရှားအပြင် တရုတ် သမ္မတကပါ လာမယ့် G20 ထိပ်သီး ညီလာခံကို မတက်ရောက်ဘဲ ရှောင်လွှဲဖွယ် ရှိနေကြောင်း သိရပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သူ့အနေနဲ့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လာမယ့် သီတင်းပတ်ကျရင် ကျင်းပမယ့် G20 ညီလာခံကို တက်ရောက်ဖြစ်မှာ မဟုတ်ကြောင်း အိန္ဒိယ သမ္မတ နာယန်ဒရာ မိုဒီဆီ ဖုန်းဆက် အသိပေးထားပြီးပါပြီ။ ပူတင်က သူ့ကိုယ်စား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကိုသာ စေလွှတ်မယ်လို့ မိုဒီကို ပြောခဲ့ပါတယ်။

ရုရှား အစိုးရက ပူတင်အနေနဲ့ အလုပ်ကိစ္စ မအားလပ်မှုတွေကြောင့် G20ကို မတက်ဖြစ်ခဲ့တာလို့ ပြောပေမယ့် စောင့်ကြည့် လေ့လာသူတွေကတော့ ယူကရိန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဝရမ်းထုတ်ခြင်း ခံထားရလို့ ပူတင်က G20ကို ရှောင်လွှဲခဲ့တာ ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးထားကြပါတယ်။

အခုအခါမှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်လည်း အိန္ဒိယမှာ ကျင်းပမယ့် ညီလာခံကို မတက်တော့မယ့် အလားအလာတွေ တွေ့နေရတယ်လို့ အမေရိကန် ထောက်လှမ်းရေးတွေက ပြောပါတယ်။ တရုတ်ဖက်ကတော့ ဒီကိစ္စကို အတည်မပြုသေးပါဘူး။

တကယ်လို့ ရှီလည်း ညီလာခံ မတက်ဖြစ်ဘူးဆိုရင် အိမ်ရှင်နိုင်ငံ အိန္ဒိယအတွက်တော့ အတိုင်းအတာ တခုထိ စိတ်ပျက်စရာ ဖြစ်လာစေဖွယ် ရှိပါတယ်။ မိုဒီဟာ G20 ညီလာခံကို တခမ်းတနား ကျင်းပဖို့ ဘက်ပေါင်းစုံ ထောင့်စေ့အောင် စီစဉ်ထားပေမယ့် ကမ္ဘာ့ထိပ်တန်း နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေက ဒေလီကို ရောက်မလာမယ့် အခြေအနေ ဖြစ်နေပါတယ်။

တရုတ်ဖက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရှီရဲ့ကိုယ်စား ဝန်ကြီးချုပ် လီကျန်းက စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်မှာ  ညီလာခံ သွားတက်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းကတော့ G20မှာ ပြိုင်ဘက် ထိပ်သီးနိုင်ငံ ခေါင်းဆောင်တွေဖြစ်တဲ့ ရှီနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ တွေ့ဆုံမှုကို တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတာပါ။ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ အနုတ်လက္ခဏာတွေ ပြခဲ့ပါတယ်။

G20ဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး ၁၉ နိုင်ငံနဲ့ ဥရောပ သမဂ္ဂတို့ ပေါင်းစည်းထားတာ ဖြစ်ပါတယ်။  

 

Ref: CNN